မြောက်ကိုရီးယား လုပ်အားခတွေကို လက်နက်အတွက် သုံးခဲ့

  • 15 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကေဆောင်း စက်မှုဇုန်မှာ ထောင်သောင်းချီတဲ့ မြောက်ကိုရီးယား လုပ်သားတွေ အလုပ်လုပ်ခဲ့။

ကေဆောင်း စက်မှုဇုန်မှာ အလုပ်လုပ်တဲ့ မြောက်ကိုရီးယား လုပ်သားတွေရဲ့ လစာငွေ ၇၀ ရာခိုင်နှုန်းလောက်ကို မြောက်ကိုရီးယား အစိုးရက လက်နက် ထုတ်လုပ်တဲ့ အစီအစဉ်တွေမှာ သုံးခဲ့ပြီး၊ ဇိမ်ခံ ပစ္စည်းတွေကို ထိပ်ပိုင်း လူနည်းစု အတွက် သုံးခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လည်ပတ်တဲ့ ကေဆောင်း စက်မှုဇုန်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ တောင်ကိုရီးယား ဘက်က ရပ်ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေနဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် သူတို့ရဲ့ ဝင်ငွေကို ဖြတ်တောက်ဖို့ တောင်ကိုရီးယားက အဲဒီ စက်မှုဇုန်ကို ရပ်ဆိုင်း ခဲ့တာပါ။

မြောက်ကိုရီးယား ကတော့ အဲဒီလို စက်မှုဇုန်ကို ရပ်ဆိုင်း လိုက်တာဟာ စစ်ကြေညာ လိုက်တာပဲလို့ ပြောခဲ့ပါတယ်။

စက်မှုဇုန် ပိတ်လိုက်ပြီးနောက် မြောက်ကိုရီးယားဘက်က တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယား နိုင်ငံသား အားလုံးကို နှင်ထုတ်လိုက်ပြီး တောင်ကိုရီးယား လုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ပစ် ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အရေးပေါ် ဆက်သွယ်ရာမှာ သုံးတဲ့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းတွေကိုလည်း ဖြတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။

တောင်ကိုရီးယားပိုင် အထည်စက်ရုံ၊ ကားပစ္စည်း စက်ရုံ၊ တစ်ပိုင်း လျှပ်ကူးပစ္စည်း စက်ရုံတွေ ပါဝင်တဲ့ အဲဒီ စက်မှုဇုန်မှာ မြောက်ကိုရီးယား လုပ်သား ထောင်ပေါင်းများစွာ အလုပ်လုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ