ဘန်ကောက်ဗုံး သံသယရှိသူနှစ်ဦး အပြစ်မရှိဟု ထွက်ဆို

  • 16 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ရဲတွေက အတင်းအကျပ် ဝန်ခံခိုင်းခဲ့တာလို့ သူတို့ နှစ်ဦးစလုံးက ပြော။

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့လယ်က ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ဝီဂါ မျိုးနွယ် နှစ်ဦးကို ပထမဆုံး ရုံးထုတ်ခဲ့ရာမှာ သူတို့ နှစ်ဦးစလုံးက အပြစ်မရှိကြောင်း ငြင်းဆို လျှောက်လဲ ခဲ့ကြပါတယ်။

Yusufu Mieraili နဲ့ Adem Karadag ဆိုသူ နှစ်ယောက်ဟာ ဖောက်ခွဲရေး ပစ္စည်းတွေ ကိုင်ဆောင်မှု၊ လူသတ်မှု တွေနဲ့ စွဲချက်တင် ခံထားရတာ ဖြစ်ပါတယ်။

အစောပိုင်းကတော့ သူတို့ နှစ်ဦးစလုံးက အဲဒီ ဗုံးခွဲမှုမှာ ပါဝင်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရုတ် နိုင်ငံ၊ ရှင်ဂျန်း ပြည်နယ်သားတွေ ဖြစ်တဲ့ သူတို့ နှစ်ဦးစလုံးကတော့ ရဲတွေက အတင်းအကျပ် ဝန်ခံခိုင်းလို့ အစောပိုင်းက ဝန်ခံခဲ့ကြတာလို့ ပြောကြပါတယ်။

၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နတ်ကွန်း ဗုံးခွဲခံရမှုမှာ လူ ၂၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီ ဗုံးခွဲမှုကို ဘယ်အဖွဲ့အစည်းကမှ သူတို့ လက်ချက် ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ထိုင်း စစ်အစိုးရကတော့ သူတို့ ဖြိုခွဲခဲ့တဲ့ လူကုန်ကူးတဲ့ ဂိုဏ်း တစ်ခုခုက တုံ့ပြန်တဲ့ အနေနဲ့ အဲဒီလို ဗုံးခွဲခဲ့တာလို့ ယူဆ ထားပါတယ်။

ဒါပေမယ့် စောင့်ကြည်သူ အများစုကတော့ ဝီဂါမျိုးနွယ် ၁၀၀ ကျော်ကို ဇူလိုင်လထဲမှာ ထိုင်းက တရုတ်ကို အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အတွက် တုံ့ပြန် တိုက်ခိုက်တာလို့ ယုံကြည် ကြပါတယ်။

ထိုင်းရဲက ဖမ်းဝရမ်း ထုတ်ထားသူ ၁၅ ယောက် ရှိနေဆဲ ဖြစ်ပြီး သူတို့ကို ဖမ်းမိခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ