သေနတ်သမားဖုန်း တရားရုံးအမိန့် အက်ပဲလ် ငြင်းဆန်

ဓာတ်ပုံ မူပိုင် AP
Image caption အက်ဖ်ဘီအိုင်ရဲ့ တောင်းဆိုမှုဟာ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အက်ပဲလ် အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က ပြော။

ကာလီဖိုးနီးယား ပြည်နယ်၊ စန် ဘာနာဒီနို မြို့မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားရဲ့ အိုင်ဖုန်းထဲက အချက်အလက် တွေကို ရယူနိုင်ရေး အတွက် နည်းပညာ ကုမ္ပဏီကြီး အက်ပဲလ်က အက်ဖ်ဘီအိုင် ထောက်လှမ်းရေး အဖွဲ့ကို ကူညီဖို့ တရားရုံးက ထုတ်ပြန်တဲ့ အမိန့်ကို မလိုက်နာဘဲ ခုခံ ငြင်းဆိုသွားမယ်လို့ သိရပါတယ်။

သေနတ်သမား Syed Rizwan Farook ရဲ့ အိုင်ဖုန်း လုံခြုံရေး စနစ်ကို ထိုးဖောက်နိုင်ဖို့ နည်းလမ်း ရှာရာမှာ အက်ပဲလ် ကုမ္ပဏီက အက်ဖ်ဘီအိုင်ကို ကူညီဖို့ တရားရုံးက အမိန့်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

အက်ပဲလ် အမှုဆောင် အရာရှိချုပ် တင်မ် ကွတ်ခ်ရဲ့ ထုတ်ပြန်ချက် ထဲမှာ သူက အဲဒီ တရားရုံး အမိန့်ကြောင့် အက်ပဲလ်က ထုတ်ခဲ့တဲ့ ဖုန်းတွေ အားလုံးရဲ့ လုံခြုံရေး စနစ်ကို ထိုးဖောက် နိုင်တဲ့ ဆော့ဖ်ဝဲ တစ်ခု ထွက်ပေါ် လာနိုင်တဲ့အတွက် အက်ပဲလ် ဖောက်သည်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာ ဖြစ်လို့ အဲဒီ အမိန့်ကို ဆန့်ကျင်တယ်လို့ ဖော်ပြ ထားပါတယ်။

၂၀၁၄ စက်တင်ဘာ နောက်ပိုင်း အက်ပဲလ်က ထုတ်တဲ့ ကိရိယာတွေ အားလုံးမှာ စာတွေ၊ ဓာတ်ပုံတွေကို ကုတ်တွေ အဖြစ် ပြောင်းလဲ သိမ်းဆည်းတဲ့ စနစ်ကို သုံးလာ ခဲ့ပါတယ်။

အက်ပဲလ် ကိရိယာကို ပိုင်ရှင် မဟုတ်တဲ့သူက ဖွင့်လို့ လုံခြုံရေး ဝှက်ဂဏန်းကို ဆယ်ကြိမ်အထိ မှားရိုက်တဲ့အခါ ကိရိယာထဲက အချက်လက်တွေ အားလုံးကို အလိုလို ဖျက်ပစ်လိုက် နိုင်တဲ့ စနစ်ကိုလည်း ရွေးချင် ရွေးထားလို့ ရပါတယ်။

ကိရိယာထဲက အချက်အလက်တွေကို အက်ပဲလ်ရဲ့ ဝန်ထမ်းတွေတောင် ရယူဖို့ မဖြစ်နိုင်ဘူးလို့ အက်ပဲလ်က ပြောပါတယ်။ အစိုးရရဲ့ စောင့်ကြည့် ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး အက်ဒ်ဝက်ဒ် စနိုဒင်က ဖွင့်ချခဲ့တဲ့ နောက်ပိုင်းမှာ အက်ပဲလ် ကုမ္ပဏီက အဲဒီ စနစ်ကို သုံးလာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ