ကျူးဘား အမေရိကန် ခရီးသည်တင် လေယာဉ်တွေ ပြန်ပြေးဆွဲမယ်

  • 17 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption လာမယ့် လအနည်းငယ်အတွင်း အမေရိကန် လေယာဉ်တွေ ကျူးဘားကို ပြန်လည် ပြေးဆွဲတော့မယ်။

အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား ခရီးသည်တင် လေယာဉ် ပြေးဆွဲမှု ဆိုင်းငံ့ထားခဲ့အပြီး နှစ်ပေါင်း ၅၀ကျော် အကြာ အခုအခါ ခရီးသည်တင် လေယာဉ် တွေ ပြန်ပြေးဆွဲဖို့ သဘောတူချက် တခုကို အမေရိကန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးနဲ့ ကျူးဘား သယ်ယူပို့ဆောင်ရေး ဝန်ကြီးတို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီသဘောတူချက်အရ အမေရိက လေကြောင်း ကုမ္ပဏီပိုင် လေယာဉ်တွေကို လာမယ့် လအနည်းငယ်အတွင်း စတင်ပြေးဆွဲခွင့် ရတော့မှာ ဖြစ်ပါတယ်။

ကျူးဘားနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ အနေနဲ့ အမေရိကန်နိုင်ငံသားတွေ သွားရောက်ခွင့် တရားဝင် မရသေးပေမယ့်လည်း ဒီစီမံကိန်းသစ်အရ အမေရိကန်ကနေ ကျူးဘားဆီကို တနေ့ကို လေယာဉ်ခရီးစဉ် ၁၁၀လောက်အထိ ပျံသန်းဖို့ ရှိပြီး ဟာဗားနား မြို့တော်ဆီကို တနေ့ကို လေယာဉ် ခရီးစဉ် ၂၀နဲ့ နိုင်ငံတကာ လေဆိပ်ရှိတဲ့ တခြားမြို့တွေဆီ လေယာဉ်ခရီးစဉ် ၁၀ခုလောက်စီ ပျံသန်းမယ်လို့ သိရပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် မကြာခင် ရာထူး သက်တမ်း ကုန်ဆုံးတော့မယ့် သမ္မတ အိုဘားမားရဲ့ နောက်ဆုံးနှစ်အတွင်း ကျူးဘားနဲ့ အမေရိကန် နိုင်ငံအကြား ဆက်ဆံရေး အလျင်အမြန် အဆင်ပြေလာတာကတော့ သိသာထင်ရှားနေပါတယ်။

စစ်အေးကာလ အရှိန်မြင့်နေချိန်မှာ ကျူးဘားနိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိက စီးပွားရေးတွေ အားလုံးကို သမ္မတ ဖီဒယ်လ် ကက်စထရို သိမ်းယူလိုက်ခဲ့ကတည်းကစလို့ ပထမဆုံး အကြိမ်အဖြစ် ကျူးဘားနိုင်ငံမှာ အမေရိကန် ကုမ္ပဏီတည်ထောင်ခွင့် ကို အမေရိကန် ဘဏ္ဍာရေးဌာနက ခွင့်ပြုခဲ့ပြီးပြီး ချက်ချင်းဆိုသလို အခု ဒီသဘောတူ စာချုပ်ကို ချုပ်ဆိုကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။

ကျူးဘား ပုဂ္ဂလိက လယ်သမားတွေအတွက် သူတို့ တတ်နိုင်မယ့် လယ်ထွန်စက်တွေ ရောင်းချပေးမယ့် အမေရိကန် လယ်ထွန်စက် စက်ရုံငယ်တခုကို ကျူးဘားနိုင်ငံမှာ လာမယ့် လတွေအတွင်း ဖွင့်လှစ်တော့မှာပါ။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား သံတမန်ရေး ဆက်ဆံမှုက အတော်လေး ခရီးပေါက်ခဲ့သလို အခုအခါလည်း စီးပွားရေး ဆက်ဆံရေးမှုတွေ အလျင်အမြန် တိုးတက်လာမယ်လို့ မျှော်လင့်နေကြကြောင်း အမေရိက အလယ်ပိုင်းဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် Will Grant က ဟာဗားနားမြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။