ပူတင်ပုံနဲ့ စွပ်ကျယ်ကို ရုရှား ဘောလုံးသမား လှပ်ပြ

  • 17 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရုရှား လေယာဉ်ကို တူရကီ ပစ်ချခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာခဲ့။

တူရကီ နိုင်ငံ၊ အီစတန်ဘူ မြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဘောလုံးပွဲ အပြီးမှာ ရုရှား ဘောလုံးသမား တစ်ယောက်က ဂျာစီအင်္ကျီကို ချွတ်ပြီး အောက်ခံ ဝတ်လာတဲ့ သမ္မတ ပူတင် ရုပ်ပုံနဲ့ စွပ်ကျယ်ကို ပြခဲ့တဲ့အတွက် တူရကီ ပရိသတ်တွေကို ဒေါသ ထွက်စေခဲ့ပါတယ်။

လိုကိုမိုးတစ် မော်စကို ဘောလုံးအသင်း အလယ်တန်းလူ ဒမစ်ထရီ တာရာဆော့ဗ် ဝတ်လာတဲ့ အတွင်းခံ စွပ်ကျယ် အင်္ကျီမှာ မစ္စတာ ပူတင်ရဲ့ ရုပ်ပုံနဲ့ အတူ 'အယဉ်ကျေးဆုံး သမ္မတ' ဆိုတဲ့ စာတန်းလည်း ပါပါတယ်။

တူရကီ ကလပ်သင်းနဲ့ ရုရှား ကလပ်အသင်း တို့ရဲ့ နိုင်ငံရေးအရ ရိုက်ခတ်မှုတွေ ရှိနေတဲ့ အဲဒီ ယူရိုပါလိဂ် ပွဲစဉ်ဟာ ရုရှား လေယာဉ်ကို တူရကီက ပစ်ချခဲ့အပြီး ပထမဆုံး တွေ့ခဲ့ကြတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

အဲဒီ ပွဲမှာ တူရကီ ကလပ် ဖီနာဘာချီက ၂-၀ နဲ့ နိုင်ခဲ့ပါတယ်။

ဘောလုံးသမားတွေဟာ နိုင်ငံရေးနဲ့ နွယ်တဲ့ ဖော်ပြချက်တွေ မပြုလုပ်ဖို့ စည်းကမ်း သတ်မှတ်ချက် ရှိတဲ့အတွက် အခုကိစ္စကြောင့် လိုကိုမိုးတစ် မော်စကို အသင်းအနေနဲ့ ဒဏ်ခတ်မှုနဲ့ ကြုံရမယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ဘောလုံးသမား ဒမစ်ထရီ တာရာဆော့ဗ် ကတော့ သူ့နိုင်ငံရဲ့ သမ္မတကို သူလေးစားတဲ့ အတွက် ထောက်ခံကြောင်း ဖော်ပြခဲ့တာ ဖြစ်တယ်လို့ ရုရှား သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ