တူရကီမှာ ကားဗုံးပေါက်လို့ လူ ၂၈ ဦး သေ

  • 18 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption တိုက်ခိုက်မှုဟာ အသေအချာ အကွက်ချ လုပ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ တူရကီ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြော

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက တူရကီနိုင်ငံ Ankara မြို့တော်မှာ ရှိတဲ့ ပါလီမန်လွှတ်တော်နဲ့ စစ်ဌာနချုပ်နားမှာ ကားဗုံးခွဲ တိုက်ခိုက်မှုတခုကြောင့် အနည်းဆုံး လူ ၃၀နီးပါး သေဆုံးခဲ့ပြီး ၆၀ကျော်လောက် ဒဏ်ရာရသွားပါတယ်။

စစ်ဘက်ဆိုင်ရာ ဘတ်စ်ကားတွေ ဖြတ်သွားနေချိန်မှာ ဖောက်ခွဲပစ္စည်းတွေ အပြည့်တင်ထားတဲ့ မော်တော်ယာဉ် တစ်စီးကို အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

အခင်းဖြစ်ပွားခဲ့ချိန်တုန်းက အဲဒီ နေရာနားက မီးပွိုင့် မီးနီနေချိန်မို့ အခြား စစ်မော်တော်ယာဉ်တွေ အများအပြား ရပ်ထားကြပါတယ်။

ထိခိုက်သေဆုံးသူ အများစုဟာ စစ်သားတွေ ဖြစ်ပြီး အရပ်သားတွေလည်း ပါတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက် လုပ်ရပ်တခုဆိုပြီး တူရကီ စစ်တပ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

အခု ဒီတိုက်ခိုက်မှုကို ဘယ်သူက ကြိုးကိုင်စီစဉ်ခဲ့တာလဲ ဆိုတာကို အသေအချာ မသိရသေးပေမယ့် ဒီတိုက်ခိုက်မှုဟာ အသေအချာ အကွက်ချ လုပ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ တူရကီ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

လုံခြုံရေး သတင်းရပ်ကွက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ IS အစ္စလာမစ်နိုင်ငံ အဖွဲ့ ကိုရော မတရားသင်းကြေညာထားတဲ့ PKK ကာဒစ်စတန် အလုပ်သမားပါတီ ကိုပါ စွပ်စွဲထားပါတယ်။

ဆီးရီးယားမှာ ရှိတဲ့ ကာဒ် လက်နက်ကိုင်အဖွဲ့ တဖွဲ့အပေါ် တူရကီ တပ်ဖွဲ့တွေက မကြာသေးခင်ကပဲ တိုက်ခိုက်မှုတွေ အရှိန်တိုး လုပ်ခဲ့ပြီး အဲဒီ အဖွဲ့ဟာ PKK အဖွဲ့နဲ့ ဆက်နွယ်နေတယ်လို့ တူရကီ အစိုးရက ပြောနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း Ankara မြို့မှာ ငြိမ်းချမ်းရေး ချီတက်ပွဲတခုကို ပစ်မှတ်ထားတဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေအတွင်း လူ၁၀၀ကျော် သေဆုံးခဲ့ပြီး တူရကီနိုင်ငံကို ပစ်မှတ်ထားတဲ့ နောက်ထပ် တိုက်ခိုက်မှုကြီးတခု ထပ်ဖြစ်လာဘွယ် ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားနေခဲ့တာပါ။

အခုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လက်သည်တရားခံတွေကို မရမက ဖေါ်ထုတ်ပြီး တုန့်ပြန် လက်စားချေသွားမယ်လို့ တူရကီ သမ္မတ ရီချက်ပ် တိုင်ယစ်ပ် အဲဒိုဝမ် က အခိုင်အမာ ပြောကြားထားကြောင်း ဘီဘီစီ သတင်းထောက် Selin Girit က အစ္စတန်ဘူလ်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ