အာဖဂန်မှာ ဆွီဒင်ဆေးခန်း ဝင်စီးခံရ၊ ၃ ဦး သေ

  • 18 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဝါဒက် ပြည်နယ်ထဲက နေရာတချို့ကို တာလီဘန်တွေ ထိန်းချုပ်ထားဆဲ ဖြစ်။

အာဖဂန် နစ္စတန် နိုင်ငံမှာ ဆွီဒင် ကူညီရေးအဖွဲ့ တစ်ခုက လည်ပတ်တဲ့ ဆေးခန်းတစ်ခု စီးနင်းခံရပြီး လူနာ နှစ်ယောက်နဲ့ လူနာစောင့် တစ်ယောက်တို့ အသတ် ခံရတယ်လို့ အဲဒီ ဆွီဒင် အဖွဲ့က ပြောပါတယ်။

အာဖဂန် အတွက် ဆွီဒင် ကော်မတီ SCA လို့ ခေါ်တဲ့ အဲဒီ အဖွဲ့က ပြောရာမှာ ဝါဒက် ပြည်နယ်ထဲက တန်ဂျီ ဆိုင်ဒန် ရွာမှာ ရှိတဲ့ သူတို့ရဲ့ ဆေးခန်းကို ဝင်စီးခဲ့သူတွေက အာဖဂန် စစ်တပ်က စစ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ တန်ဂျီ ဆိုင်ဒန် ရွာဟာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိပါတယ်။

ဒီအကြောင်းကို အာဖဂန် စစ်တပ်က တစုံတရာ အတည်ပြု ပြောဆိုမှု မရှိပေမယ့် ဒေသတွင်းက နိုင်ငံရေးသမား တစ်ယောက်ကတော့ အဲဒီ ဆေးခန်းကို စစ်သားတွေ ပစ်မှတ် ထားခဲ့တယ်လို့ ပြောပါတယ်။

ဆေးခန်း ဝန်ထမ်းတွေကို စစ်သားတွေက ဖမ်းဆီး ရိုက်နှက်ခဲ့ပြီး၊ လူနာ နှစ်ယောက်နဲ့ လူနာ စောင့် တစ်ယောက်ကို ဖမ်းခေါ်သွားကာ အနီးအနား တစ်နေရာမှာ သူတို့ကို သတ်ပစ် ခဲ့တယ်လို့ SCA အဖွဲ့ရဲ့ ဆက်သွယ်ရေး မန်နေဂျာက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ