IS အစုလိုက် သတ်မှု၊ လူ ၄၀ ကို အီရတ် သေဒဏ်ပေး

  • 18 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption Camp Speicher ကို အီရတ် တပ်ဖွဲ့တွေ ပြန်သိမ်းပြီးနောက် အစုလိုက် မြှုပ်ထားတဲ့ အလောင်းတွေကို တွေ့ခဲ့။

အီရတ် နိုင်ငံမှာ အမေရိကန် စစ်စခန်း ဖြစ်ဖူးတဲ့ Camp Speicher မှာ ၂၀၁၄ ခုနှစ်က တပ်သားသစ် ၁၇၀၀ လောက်ကို အစုအပြုံလိုက် သတ်ခဲ့တဲ့ အမှုအတွက် လူ အယောက် ၄၀ ကို အီရတ် တရားရုံးက သေဒဏ် ချမှတ် လိုက်ပါတယ်။

အီရတ် မြောက်ပိုင်း တိကရစ်မြို့ အနီးက အဲဒီ စခန်းကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သိမ်းပိုက် ခဲ့ပြီးနောက် အဲဒီ အစုအပြုံလိုက် သတ်ဖြတ်မှုကို IS အဖွဲ့ဝင် စစ်သွေးကြွတွေက ပြုလုပ် ခဲ့ကြတာပါ။

အစုလိုက် သတ်ဖြတ် ခံရသူတွေထဲမှာ ရှီးယား တပ်သားသစ်တွေ အများစု ပါဝင်ခဲ့ပြီး၊ အဲဒီ အဖြစ်ကြောင့်လည်း အီရတ် အစိုးရက IS တွေကို တိုက်ရာမှာ ရှီးယား ပြည်သူ့စစ်တွေ ပိုမို ပါဝင်လာကြတာ ဖြစ်ပါတယ်။

အဲဒီ Speicher စခန်းကို အီရတ် တပ်ဖွဲ့တွေက ၂၀၁၅ ခုနှစ်မှာ IS တွေ လက်ကနေ ပြန်သိမ်းခဲ့ပြီးနောက် အစုလိုက် မြှုပ်ထားတဲ့ အလောင်းတွေကို ပြန်ဖော် ခဲ့ကြပါတယ်။

အဲဒီနောက် အစုလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယနဲ့ လူအတော်များများကို အီရတ် အစိုးရက ဖမ်းဆီး ခဲ့ပါတယ်။

အခု သေဒဏ် ချမှတ်ခံရသူ ၄၀ ထဲမှာ ၂၄ ယောက်က ဒီအမှုအတွက်ပဲ မနှစ်ကတည်းက သေဒဏ် ချမှတ် ခံထားရသူတွေ ဖြစ်ပြီး အယူခံ ဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ