ရွှေ့ပြောင်းသူဦးရေ သြစတြီးယား ကန့်သတ် လက်ခံ

  • 19 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption တစ်နေ့ကို လူ ၈၀ အထိသာ သြစတြီးယား လက်ခံနေ။

သြစတြီးယား နိုင်ငံမှာ သူ့နိုင်ငံထဲ ဝင်လာမယ့် ရွှေ့ပြောင်းသူ အရေအတွက်ကို နေ့စဉ် အကန့်အသတ်နဲ့သာ လက်ခံတဲ့ စနစ်ကို စတင် ကျင့်သုံး လိုက်ပါတယ်။

သြစတြီးယား တောင်ပိုင်း နယ်စပ်မှာ ခိုလှုံခွင့် လျှောက်ထားသူ တစ်နေ့ကို ၈၀ အထိသာ လက်ခံပြီး အဲဒီ အရေအတွက် ပြည့်တာနဲ့ နယ်စပ်ကို ပိတ်ပစ်မှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂရဲ့ လူဝင်မှု ရေးရာ ကော်မရှင်နာ ကတော့ အဲဒီ စနစ်ဟာ အီးယူ ဥပဒေတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

ဥရောပထဲ ဝင်လာနေတဲ့ ရွှေ့ပြောင်းသူတွေ အရေးကို ဖြေရှင်းဖို့ နည်းလမ်းသစ်တွေ ရှာဖို့အတွက် မတ်လ အစောပိုင်းမှာ တူရကီ နိုင်ငံနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ အီးယူ ခေါင်းဆောင်တွေက ကြေညာ ခဲ့ပါတယ်။

အီးယူနဲ့ တူရကီ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ဟာ အဓိက ဦးစားပေး ကိစ္စ ဖြစ်တယ်လို့ ဘရပ်ဆဲလ်စ်မှာ ရောက်နေတဲ့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ်က ပြောပါတယ်။

ဒုက္ခသည်တွေကို တူရကီ နယ်မြေထဲမှာပဲ နေရာပေးဖို့အတွက် အီးယူက တူရကီကို ယူရိုငွေ ၃ ဘီလျံ ပေးဖို့ ကတိပေး ထားပါတယ်။

၂၀၁၅ ထဲမှာ ဥရောပကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက် တစ်သန်း ကျော်ခဲ့ပြီး၊ အီးယူ အနေနဲ့ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး ဒုက္ခသည် ပြဿနာကို ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ