အီးယူနဲ့ ယူကေ ဆွေးနွေးပွဲ ဒုတိယနေ့ ပြန်စ

  • 19 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်နယ် တက်စ်၊ ယန်း ကလောက် ယွန်ကာနဲ့ ဒေးဗစ် ကင်မရွန်းတို့ သောကြာနေ့ အစောပိုင်းက သီးသန့် ဆွေးနွေးခဲ့။

အီးယူ အဖွဲ့ထဲမှာ ဆက်ရှိနေဖို့ ယူကေက လိုလားတဲ့ ပြုပြင် ပြောင်းလဲရေးတွေ အတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲမှာ ဒုတိယနေ့ ဆွေးနွေးမှုတွေ ဘရပ်ဆဲလ်စ်မှာ ပြန်လည် စတင် နေပါတယ်။

ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပထမနေ့ ဆွေးနွေးမှုမှာ တိုးတက်မှုတွေ ရှိပေမယ့် သဘောတူညီချက်တော့ မရသေးဘူးလို့ ပြောပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာ ပြီးဆုံးမယ့် နှစ်ရက်ကြာ ထိပ်သီး အစည်းအဝေးကနေ ပြုပြင် ပြောင်းလဲရေးတွေအတွက် သဘောတူညီချက် တစ်ခုရဖို့ မစ္စတာ ကင်မရွန်းက မျှော်လင့်ထား တာပါ။ သဘောတူညီချက် ရခဲ့မယ် ဆိုရင် အီးယူ အဖွဲ့ဝင်အဖြစ် ဆက်နေဖို့ မနေဖို့ ဇွန်လမှာ ပြုလုပ်မယ့် ဗြိတိန် နိုင်ငံသားတွေရဲ့ လူထု ဆန္ဒခံယူပွဲ အတွက် မစ္စတာ ကင်မရွန်း အနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူကေက ထောက်ပံ့ရေး အစီအစဉ်တွေကို အီးယူ အဖွဲ့ဝင် နိုင်ငံသားတွေ အပေါ် ဖြတ်တောက်ဖို့နဲ့ အီးယူရဲ့ လုပ်ထုံးလုပ်နည်း တချို့ကို ပြုပြင်ဖို့ စတာတွေမှာ ညှိနှိုင်းဖို့ ခက်မယ့် အနေအထားနဲ့ ကြုံနေရပါတယ်။

ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ် ကလည်း တိုးတက်မှု တချို့ ရှိပေမယ့် ညှိနှိုင်းစရာတွေ အတော်လေး ကျန်သေးတယ်လို့ ပြောခဲ့ပါတယ်။

တချို့ကလည်း ညှိနှိုင်းမှုတွေဟာ သောကြာနေ့မှာ မပြီးပြတ်နိုင်ဘဲ သီတင်းပတ် အဆုံးအထိ ရောက်သွား နိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ