လန်ဒန်မြို့တော်ဝန်က အီးယူအဖွဲက ခွဲထွက်ရေးကို ထောက်ခံ

  • 21 ဖေဖော်ဝါရီ 2016
boris_johnson
Image caption ဗြိတိန်ရဲ့ အချုပ်အခြာ အာဏာဟာ တဖြည်းဖြည်း ပွန်းပဲ တိုက်စား လာ နေရတယ် ဆိုပြီး မစ္စတာ ဂျွန်ဆင်ပြော။

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ထဲကနေ ဗြိတိန် နိုင်ငံ ထွက်ဖို့ ဆော်ဩမယ် ဆိုပြီး လက်ရှိ လန်ဒန် မြို့တော်ဝန် ဘောရစ် ဂျွန်ဆင် က ပြောလိုက် ပါတယ်။

အီးယူ အဖွဲ့ ကြောင့် ဗြိတိန်ရဲ့ အချုပ်အခြာ အာဏာဟာ တဖြည်းဖြည်း ပွန်းပဲ တိုက်စား လာ နေရတယ် ဆိုပြီး မစ္စတာ ဂျွန်ဆင် က ပြောပါတယ်။

“တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာလို့ ပြောလိုက်ရင် နိုင်ငံရေး သမားတွေ ကပဲ ပိုင်တဲ့ ဟာလိုလို ထင်တတ်ကြတယ်။ အချုပ်အခြာ အာဏာ ဆိုတာ ပြည်သူတွေက သူတို့ရဲ့ ကိုယ်ပိုင် ဘဝ တွေကို ကိုယ်တိုင်ကိုယ်ကျ စီမံ ချယ်လှယ် ပိုင်ခွင့် ရှိနိုင်တာ ကို ပြောတာ ဖြစ်တယ်” ဆိုပြီး တော့လည်း အီးယူ အဖွဲ့ က ပြဌာန်းတဲ့ အလုပ်အကိုင် ဥပဒေ၊ နယ်စပ် ထိန်းချုပ် ရေး ဆိုင်ရာ ဥပဒေ နဲ့ လူ့ အခွင့်အရေး ဥပဒေ စတာတွေ ကို ဗြိတိန် က လိုက်နာ နေရတဲ့ အဖြစ်ကို ဘောရစ် ဂျွန်ဆင် က ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

အီးယူ ထဲ ဗြိတိန် ဆက်နေရေး ကို ဝိုင်းဝန်း ဆော်ဩကြဖို့ ပါတီဝင် တွေကို တိုက်တွန်းနေတဲ့ ကွန်ဆားဗတစ်ဗ် ခေါင်းဆောင် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန် အတွက်တော့ မြို့တော်ဝန် မစ္စတာ ဂျွန်ဆင် လို ပါတီတွင်း ဩဇာညောင်း ထင်ရှားသူ တစ်ဦး ဆီက အခုလို ပြောလာတာဟာ အထိုးနှက် ခံလိုက်ရတာ ပဲ ဖြစ်ပါတယ်။

ဗြိတိန် အနေနဲ့ အီးယူ အဖွဲ့ထဲ ဆက်နေမလား၊ လမ်းခွဲမလား ဆိုတာကို လာမယ့် ဇွန်လကျရင် ပြည်လုံးကျွတ် ဆန္ဒခံယူ ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ