ဒေလီမြို့က လူ ၁၀ သန်း သောက်သုံးရေ ပြတ်လပ်

  • 22 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဒေလီမြို့က လူ ၁၀ သန်းကျော် သောက်သုံးရေ ပြတ်လပ်နေ။

အိန္ဒိယ နိုင်ငံ၊ ဒေလီမြို့က ရေဖြန့်ဖြူးတဲ့ တူးမြောင်းကို အကြမ်းနည်းနဲ့ ဆန္ဒပြသူတွေက ပိတ်ဆို့ ထားခဲ့ကြပြီးနောက် ဒီကနေ့ တနင်္လာနေ့မှာ စစ်တပ်က ပြန်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဒေလီမြို့က လူ ၁၀ သန်းကျော် အတွက် သောက်သုံးရေ ပြတ်လပ်နေဆဲ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဂျာ့တ် လို့ခေါ်တဲ့ ဇာတ်မြင့် မျိုးနွယ်ဝင်တွေက အစိုးရ အလုပ်နေရာ တွေမှာ ပိုအလုပ်ရဖို့ ဒေလီရဲ့ အဓိက ရေအရင်းအမြစ် ဖြစ်တဲ့ မြူးနက် တူးမြောင်းကို ပိတ်ဆို့ သိမ်းပိုက်ပြီး အကြမ်းနည်းနဲ့ ဆန္ဒပြခဲ့ကြတာပါ။

အပျက်အစီးတွေကြောင့် သုံးလေးရက်လောက် ကြာမှ တချို့ အရပ်တွေကို ပုံမှန်အတိုင်း ရေဖြန့်ချိမှုတွေ ပြန်လုပ်နိုင်မယ်လို့ ဒေလီ ရေဖြန့်ဖြူးရေး ဘုတ်အဖွဲ့ အကြီးအကဲ Keshav Chandra က ဘီဘီစီကို ပြောပါတယ်။

သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း တွေကြောင့် ၁၆ ယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ကြပါတယ်။

ရေ မဖြန့်ဖြူး နိုင်တဲ့ ရက်ကွက်တွေကို ရေသယ်ကားတွေနဲ့ ဖြန့်ဖြူးပေး နေပေမယ့် လောက်ငနိုင်ခြေ မရှိဘူးလို့ မစ္စတာ ချန်ဒရာက ပြောပါတယ်။

အဲဒီ မြူးနက် တူးမြောင်းကို ဒီကနေ့ တနင်္လာနေ့မှာ စစ်တပ်က ပြန်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် အပျက်အစီးတွေကို ပြုပြင်ဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ