အီးယူထဲက ထွက်ရင် ယူကေ လုံခြုံရေး စိုးရိမ်ရဟုဆို

  • 22 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption အီးယူ အဖွဲ့က ထွက်ရင် လုံခြုံရေးအတွက် အရဲစွန့်ရာ ကျမယ်လို့ ယူက ကာကွယ်ရေး ဝန်ကြီးက ပြော။

ယူကေ အနေနဲ့ ဥရောပ သမဂ္ဂထဲကနေ ထွက်ဖို့ ဆုံးဖြတ်မယ် ဆိုရင် ယူကေရဲ့ လုံခြုံရေးအတွက် အတော်လေး စွန့်စားရာ ကျမယ်လို့ ယူကေ ကာကွယ်ရေး ဝန်ကြီး မိုက်ကယ် ဖယ်လန်က ပြောပါတယ်။

အီးယူလို အဖွဲ့အစည်းမျိုးနဲ့ ပေါင်းစည်းရာကနေ ရလာတဲ့ အင်အားကြောင့် ကမ္ဘာ့အတိုင်းအတာနဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို ကိုင်တွယ်ရာမှာ ပိုမို လွယ်ကူ စေတယ်လို့ မိုက်ကယ် ဖယ်လန်က ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာပဲ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အီးယူအဖွဲ့ထဲမှာ ယူကေ ဆက်ရှိနေရေးနဲ့ ပတ်သက်ပြီး အီးယူ ခေါင်းဆောင်တွေနဲ့ သဘောတူခဲ့တဲ့ ပြုပြင်ရေး အစီအစဉ်တွေကို ပါလီမန်မှာ ချပြဖို့ ရှိပါတယ်။

မစ္စတာ ကင်မရွန်းက အီးယူ ခေါင်းဆောင်တွေနဲ့ ရခဲ့တဲ့ သဘောတူညီချက်ဟာ ဗြိတိန်ရဲ့ အချုပ်အခြာကို ပိုမို ခိုင်မာသွား စေတယ်လို့ ပြောလိုက်ပြီး၊ အီးယူထဲမှာ ဆက်ရှိနေမှသာ ယူကေ အနေနဲ့ ပိုလုံခြုံပြီး ပိုအားကောင်း လာမယ်လို့ ပြောပါတယ်။

ဒါပေမယ့် လန်ဒန် မြို့တော်ဝန် ဘောရစ် ဂျွန်ဆင်ကတော့ ယူကေ အနေနဲ့ အီးယူ ထဲက ထွက်လိုက်မယ် ဆိုရင် ပိုကောင်းတဲ့ အနာဂတ် ရှိလာမယ်လို့ တနင်္ဂနွေနေ့က ထပ်မံ ပြောဆို ခဲ့ပါတယ်။

မစ္စတာ ဂျွန်ဆင်ရဲ့ အဲဒီလို ပြောဆိုမှုဟာ အီးယူထဲမှာ ယူကေ ဆက်ရှိနေရေး ကြိုးစားနေတဲ့ မစ္စတာ ကင်မရွန်းရဲ့ လုပ်ဆောင်ချက်တွေကို သိသိသာသာ ထိုးနှက်လိုက်တာ ဖြစ်တယ်လို့ ယူဆ ကြပါတယ်။

တချိန်တည်းမှာပဲ အီးယူကနေ ယူကေ ထွက်သွားနိုင်တဲ့ မရေရာတဲ့ အခြေအနေတွေကြောင့် ဗြိတိန်ရဲ့ စတာလင် ပေါင် တန်ဖိုးဟာ ၇ နှစ်အတွင်းမှာ အနိမ့်ဆုံး တန်ဖိုးအထိ ကျဆင်း နေပါတယ်။

အီးယူထဲမှာ ဆက်နေဖို့ မနေဖို့ ဆုံးဖြတ်မယ့် ဗြိတိန် ပြည်သူတွေရဲ့ လူထု ဆန္ဒ ခံယူပွဲကို ဇွန်လထဲမှာ ပြုလုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ