IS ဗုံးခွဲမှု၊ ဆီးရီးယား ဆွေးနွေးမှုကို ဖျက်ဆီးဖို့ ရည်ရွယ်

  • 22 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဒမာ့စကတ်မြို့က ဗုံးခွဲမှုတွေ အတွင်း ဒဏ်ရာရသူ အချို့။

ဆီးရီးယားမှာ အခု သီတင်းပတ် အကုန်က အနည်းဆုံး လူ ၁၄၀ သေဆုံးခဲ့ရတဲ့ ဗုံးခွဲ တိုက်ခိုက်မှု တွေဟာ တည်ငြိမ်မှုရရေး လုပ်ဆောင်ချက် တွေကို ဖြိုဖျက်ဖို့ အတွက် ရည်ရွယ်ပြီး အစွန်းရောက်တွေက တိုက်ခိုက်တာ ဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗုံးခွဲ တိုက်ခိုက်မှုတွေထဲမှာ ဒမာ့စကတ်မြို့ တောင်ပိုင်းက ရှီးယားတွေရဲ့ Sayyida Zeinab ဗလီ အပါအဝင် ၄ နေရာမှာ တိုက်ခိုက် ခံခဲ့ရသလို ဟုမ်းစ်မြို့မှာလည်း ကားဗုံးခွဲ တိုက်ခိုက်မှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။

Sayyida Zeinab အရပ်က ဗုံးခွဲမှု ၄ ခုအတွင်း အနည်းဆုံး ၈၃ ယောက် သေဆုံးခဲ့ပြီး၊ ဟုမ်းစ်မြို့က ကားဗုံး ၂ခုမှာတော့ ၅၇ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က အဲဒီ တိုက်ခိုက်မှုတွေကို သူတို့ လုပ်တာလို့ ပြောပါတယ်။

တနင်္ဂနွေနေ့ ဗုံးခွဲမှုတွေဟာ ဆီးရီးယား စစ်ပွဲတလျှောက်မှာ အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေထဲ အပါအဝင် ဖြစ်တယ်လို့ ယူကေ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ SOHR က ပြောပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ အလက်ပိုမြို့မှာ ရှိတဲ့ ဆီးရီးယား အစိုးရတပ် တွေရဲ့ တစ်ခုတည်းသော ထောက်ပံ့ရေး လမ်းကြောင်းကို IS အဖွဲ့နဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေက ကြားကနေ ဖြတ်တောက် ပစ်လိုက်တယ်လို့ SOHR က ပြောပါတယ်။

ငါးနှစ်နီးပါး ကြာလာတဲ့ ဆီးရီးယား စစ်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်းခွဲကျော် သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ