နယ်စပ်တွေ ပိတ်ထားတဲ့ ဥရောပ နိုင်ငံတွေကို ကုလဝေဖန်

  • 23 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption စစ်မက်တွေ ဖြစ်ပွားနေရာ ဒေသတွေ က ထွက်ပြေး လာကြသူ အများစု ဟာ ပင်လယ်ခရီး ကနေတဆင့် ဝင်ရောက် လာနေကြဆဲ ဖြစ်ပါတယ်။

ဥရောပ မြောက်ပိုင်း နိုင်ငံ တွေကို ရောက်ရှိဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ကို ဝင်ခွင့် မပေးပဲ နယ်စပ် တွေ ပိတ်ပစ် တာ မျိုးဟာ အခြေအနေ ကို ဝရုန်းသုန်းကား နဲ့ ပို ရှုပ်ထွေး လာစေပြီး ဂရိ နိုင်ငံ မှာ လူ ထောင်ပေါင်းများစွာ သောင်တင် နေရတယ် လို့ ကုလသမဂ္ဂ က သတိပေး ပါတယ်။

ဆလိုဗေးနီးယား၊ မက်ဆီဒိုးနီးယား နဲ့ ဩစတြီးယား နိုင်ငံ တွေ ဟာ အခု ရက်ပိုင်း တွေ အတွင်းမှာပဲ လူဝင်မှု နဲ့ ပတ်သက်ပြီး ကန့်သတ် တင်းကြပ်မှု တွေ ချလာ ပါတယ်။

အဲဒီ့ ကန့်သတ် မှု တွေဟာ ဒုက္ခသည် အဖြစ် ခိုလှုံခွင့် လျှောက်ထား လိုသူ တွေ အတွက် စိုးရိမ် စရာ ဖြစ်ပြီး သူတို့ ဘဝ တွေ အတွက် ပို ခက်ခဲ ကြမ်းတမ်း လာစေတယ် လို့ ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ က ပြောပါတယ်။

ဥရောပ နိုင်ငံတွေ အချင်းချင်း ကြားထဲ မှာလည်း လူဝင်မှု ပြဿနာ ကြောင့် သံတမန် ဆက်ဆံရေး တွေ တင်းမာ နေတာ မှာ ဩစတြီးယား ရဲ့ အပြုအမူ တွေ ဟာ လူဝင်မှု ဆိုင်ရာ အကြပ်အတည်းကို ကိုင်တွယ်ဖို့ ဥရောပသမဂ္ဂ အဖွဲ့ က ချမှတ် ထားတဲ့ အစီအမံ တွေ ကို ဖျက်လိုဖျက်စီး လုပ်ရာ ကျနေတယ် ဆိုပြီး ပြစ်တင် နေပါတယ်။

ဒီ အချိန်မှာပဲ ဂရိနဲ့ အီတလီ တောင်ပိုင်း ဒေသတွေ ကို စစ်မက်တွေ ဖြစ်ပွားနေရာ ဒေသတွေ က ထွက်ပြေး လာကြသူ အများစု ဟာ ပင်လယ်ခရီး ကနေတဆင့် ဝင်ရောက် လာကြဆဲ ဖြစ်ပါတယ်။

အခုနှစ် ထဲမှာကို ရောက်လာသူ ဦးရေ အနည်းဆုံး တစ်သိန်း ရှိနေပြီ လို့ ခန်မှန်း ရပြီး ၂၀၁၅ ခုနှစ် အခုလို အချိန် နဲ့ နှိုင်းယှဉ်ရင် ၁၀ ဆ လောက် များပြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ