ဂွာတာနာမို ပိတ်မယ့်အစီအစဉ် အိုဘားမား ထုတ်ပြော

  • 23 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပစ်ဖို့ ကိစ္စဟာ အိုဘားမားရဲ့ အစောပိုင်း ရည်မှန်းချက် တစ်ခုဖြစ်

အငြင်းပွားဖွယ် ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်မယ့် အစီအစဉ်တွေကို အမေရိကန် သမ္မတ အိုဘားမားက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ဂွာတာနာမို အကျဉ်းစခန်း ရှိနေတာဟာ အမေရိကန်ရဲ့ စံနှုန်း တန်ဖိုးတွေနဲ့ ဆန့်ကျင်နေပြီး၊ နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသလို အမေရိကန်ရဲ့ ရပ်တည်ချက်ကိုလည်း ထိခိုက်စေတယ်လို့ သမ္မတ အိုဘားမားက ရုပ်သံ ကြေညာချက်မှာ ပြောသွားပါတယ်။

လက်ကျန် အကျဉ်းသား ၉၁ ယောက်ကို မိခင် နိုင်ငံတွေဆီ၊ ဒါမှမဟုတ် အမေရိကန် စစ်တပ်၊ ဒါမှမဟုတ် အရပ်ဖက် အကျဉ်းထောင်တွေဆီ ပြန်လွှဲပေးမယ့် အစီအစဉ်ကိုလည်း ပင်တဂွန် စစ်ဌာနချုပ်က အဆိုပြုခဲ့ပါတယ်။

အခုလို အကျဉ်းစခန်း ပိတ်ပစ်မယ့် အစီအစဉ်ကို ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုချက် ရယူသွားမယ်လို့ အိုဘားမားက ပြောပေမယ့် ရီပတ်ဘလီကန်တွေ ကြီးစိုးတဲ့ ကွန်ဂရက် လွှတ်တော်ကတော့ ထောက်ခံမယ့်ပုံ မရှိပါဘူး။

ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပစ်ဖို့ သူ့ရဲ့ အရင်က ကြိုးပမ်းမှုတွေ ဟာလည်း ရီပတ်ဘလီကန် အမတ်တွေရဲ့ တားဆီးမှုကို ခံခဲ့ရတယ်လို့ အိုဘားမားက ပြောပါတယ်။

မစ္စတာ အိုဘားမားက သူ့အရင်က ရီပတ်ဘလီကန် သမ္မတ ဂျော့ဘုရှ် ဟာလည်း ဒီအကျဉ်းစခန်းကို ပိတ်ပစ်ဖို့ ဆန္ဒရှိခဲ့တာပဲလို့ ပြောပါတယ်။

ဂွာတာနာမို အကျဉ်းစခန်းကို ထားရှိ လည်ပတ်ဖို့အတွက် နှစ်စဉ် ဒေါ်လာ ၄၄၅ သန်း ကုန်ကျတယ်လို့ ဆိုပြီး ဒီအကျဉ်းစခန်းကို ပိတ်ပစ်ဖို့ ကိစ္စဟာ အိုဘားမားရဲ့ အစောပိုင်း ရည်မှန်းချက် တစ်ခုလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ