ဂွမ်တာနာမို ထောင်ကို သူ့လက်ထက် အပြီးပိတ်လိုတဲ့ ရည်မှန်းချက် ပြီးမြောက်လိုတယ်လို့ အိုဘားမားပြော

  • 23 ဖေဖော်ဝါရီ 2016
_guantanamo ဓာတ်ပုံ မူပိုင် Getty
Image caption ဂွမ်တာနာမို ထောင်မှာ လောလောဆယ် အကျဉ်းသား ၉၁ ယောက် ရှိနေဆဲ ဖြစ်။

ကျူးဘားတောင်ပိုင်း အမေရိကန် ထိန်းချုပ်မြေ ထဲက ဂွမ်တာနာမို အကျဉ်းထောင် ပိတ်ပစ်ဖို့ သူ့ရဲ့ ရည်မှန်းချက် ကို သမ္မတ သက်တမ်း မကုန်ဆုံးခင် အကောင်အထည် ဖော်လိုတယ် ဆိုပြီးသမ္မတ အိုဘားမား က ပြောပါတယ်။

ဂွမ်တာနာမို အကျဉ်းထောင်မျိုး ရှိနေတာဟာ အမေရိကန် စံတန်ဖိုး တွေနဲ့ ဆန့်ကျင် နေပြီး၊ လုံခြုံရေး ဆိုင်ရာ ထိခိုက်မှုလည်း ဖြစ်စေတယ် လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

ဂွမ်တာနာမို ထောင်မှာ လောလောဆယ် အကျဉ်းသား ၉၁ ယောက် ရှိနေဆဲ ဖြစ်ပြီး၊ သမ္မတ အိုဘားမားရဲ့ အစီအစဉ် အရ အဲဒီ့ထဲ က တချို့ကို အမေရိကန် ပြည်မ ထဲက လုံခြုံရေး တင်းကြပ်တဲ့ ထောင်တွေ ဆီ ရွှေ့ပြောင်းမှာ ဖြစ်ပါတယ်။

အတိုက်အခံ ရီပတ်ဘလေကဲန် တွေ လွှမ်းမိုး ထားတဲ့ ကွန်ဂရက်စ် လွှတ်တော် မှာတော့ သမ္မတ အိုဘားမားရဲ့ အစီအစဉ် ကို ကန့်ကွက် နေပြီး၊ အောက်လွှတ်တော် အမတ် ပေါ်လ် ရိုင်ယန် က ဆိုရင် သမ္မတ အိုဘားမားရဲ့ ဂွမ်တာနာမို အစီအစဉ် ဟာ တရားမဝင် ဘူး ဆိုပြီး ပြင်းပြင်းထန်ထန် ပြောပါတယ်။