အီရတ်မှာ IS လက်ထဲက ဆွီဒင် မိန်းကလေးကို ကယ်နိုင်

  • 23 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ကာဒစ်ရှ် တပ်ဖွဲ့တွေက အီရတ် မြောက်ပိုင်းမှာ IS တပ်တွေကို တိုက်ခိုက်နေ။

အီရတ် နိုင်ငံ၊ မိုဆူးလ်မြို့ အနီးမှာ ကာဒစ်ရှ် တပ်တွေက ၁၆ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ မိန်းကလေး တစ်ဦးကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်ထဲကနေ ကယ်ဆယ် ခဲ့တယ်လို့ ကာဒစ်ရှ် အရာရှိတွေက ပြောပါတယ်။

ကာ့ဒ် နယ်မြေ လုံခြုံရေး ကောင်စီ KRSC က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အဲဒီ မိန်းကလေးဟာ ဆွီဒင်နိုင်ငံ ဘိုးရက်စ် မြို့က ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီ မိန်းကလေးကို IS အဖွဲ့ဝင် တစ်ယောက်က ဆွီဒင် ကနေ ဆီးရီးယားကို ဖျားယောင်း ခေါ်သွားပြီးနောက် မိုဆူးလ် မြို့ကို ရောက်သွားတာလို့ အဲဒီ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆွီဒင် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူကတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရခဲ့ဘူးလို့ ဆွီဒင် သတင်းစာ တစ်စောင်ကို ပြောပါတယ်။

KRSC က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အဲဒီ မိန်းကလေးရဲ့ အမည်နဲ့ ဓာတ်ပုံပါ ဖော်ပြထားသလို၊ သူဘယ်မှာရှိတယ် ဆိုတာကို ဆွီဒင် အာဏာပိုင်တွေနဲ့ သူ့မိသားစုက ကာဒစ်ရှ် တပ်တွေကို ပြောခဲ့ပြီး သူ့ကို ကယ်ရာမှာ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်က မေလမှာ ၁၅ နှစ်အရွယ်နဲ့ ကိုယ်ဝန်ရှိခဲ့တဲ့ အဲဒီ မိန်းကလေးဟာ ဘိုးရက်စ်မြို့ကနေ သူ့ကောင်လေးနဲ့ အတူ ထွက်ပြေးခဲ့တာ ဖြစ်ပြီး ဆီးရီးယားကို သွားခဲ့တာလို့ ဆွီဒင် မီဒီယာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ