ဂျပန် နျူစက်ရုံယိုစိမ့်မှု ကြေညာဖို့ နှောင့်နှေးခဲ့

  • 24 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဆူနာမီဒဏ် ခံရအပြီး နာရီပိုင်းအတွင်းမှာပဲ ဖူကူရှီးမား နျူစက်ရုံ ယိုစိမ့်ခဲ့တယ် ဆိုတာကို ပညာရှင်တွေက အရင်ကတည်းက ပြောခဲ့ကြ။

ဂျပန် နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဆူနာမီ ဒဏ်ကြောင့် ဖူကူရှီးမား နျူစက်ရုံ ယိုစိမ့်ခဲ့တယ် ဆိုတာကို ပိုစောတဲ့ အချိန်ကတည်းက ကြေညာ ခဲ့သင့်တယ်လို့ အဲဒီ နျူစက်ရုံကို လည်ပတ်တဲ့ ကုမ္ပဏီက ပြောလိုက်ပါတယ်။

တိုကျို အီလက်ထရစ် ပါဝါ ကုမ္ပဏီ အနေနဲ့ သူတို့ရဲ့ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ယိုစိမ့်တယ် ဆိုတာကို ဆူနာမီဒဏ် ခံရပြီး နှစ်လလောက် ကြာတဲ့အထိ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အဲဒီ ကုမ္ပဏီက ဆူနာမီဒဏ် ခံခဲ့ရအပြီး ရက်ပိုင်းအတွင်းမှာပဲ အများပြည်သူကို အသိပေးခဲ့ သင့်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

အရင်ကတည်းက ပညာရှင်တွေက ဖူကူရှီးမား စက်ရုံ ဆူနာမီ လှိုင်းဒဏ် ခံရအပြီး နာရီပိုင်း အတွင်းမှာပဲ ဓာတ်ပေါင်းဖို ယိုစိမ့်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောခဲ့ကြတာပါ။

စက်ရုံမှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေအရ ဓာတ်ပေါင်းဖို ၅ ရာခိုင်နှုန်း ပျက်စီးတာနဲ့ ယိုစိမ့်ကြောင်း ကြေညာဖို့ သတ်မှတ် ထားပေမယ့် ၃ ရက်အတွင်းမှာ ၅၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့သည့်တိုင် အများပြည်သူကို ဘာကြောင့် အသိမပေးခဲ့သလဲ ဆိုတာကို စုံစမ်းသွားမယ်လို့ Tepco ခေါ် အဲဒီ ကုမ္ပဏီက ပြောပါတယ်။

ဖူကူရှီးမား ဓာတ်ပေါင်းဖို ယိုစိမ့်မှုဟာ ၁၉၈၆ ခုနှစ်က ချာနိုဘိုင်းလ် နျူစက်ရုံ ပြီးရင် ဒုတိယ အဆိုးဆုံး နျူ မတော်တဆမှု ဖြစ်ပါတယ်။

ဖူကူရှီးမား စက်ရုံ ဝန်းကျင် ဒေသတဝိုက်က လူပေါင်း တစ်သိန်း ခြောက်သောင်းလောက်ကို သီတင်းပတ် အနည်းငယ်အတွင်းမှာ ရွှေ့ပြောင်း ပေးခဲ့ရပြီး ဓာတ်ရောင်ခြည် ယိုစိမ့်မှုတွေ ရှိနေသေးတဲ့အတွက် အများစုက အခုချိန်အထိ နေရပ် မပြန်နိုင်ကြပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ