အစ္စလာမ် စော်ကားမှုနဲ့ အီဂျစ် ခရစ်ယာန်တွေ ထောင်ချခံရ

  • 25 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အီဂျစ် ခရစ်ယာန်တွေ ဖိနှိပ် ဆက်ဆံခံရတယ် ဆိုတဲ့ မကျေနပ်မှုတွေ အချိန်အတော်ကြာ ကတည်းက ရှိနေခဲ့။

အီဂျစ် နိုင်ငံမှာ မွတ်ဆလင် ဝတ်ပြုသူတွေကို လှောင်ပြောင်တဲ့ ဗီဒီယို တစ်ခုမှာ ပါဝင်ခဲ့တဲ့ ဆယ်ကျော်သက် ကော့ပ်တစ် ခရစ်ယာန် သုံးယောက်ကို အီဂျစ် တရားရုံး တစ်ခုက ထောင်ဒဏ် ၅ နှစ်စီ ချမှတ် လိုက်ပါတယ်။

အစ္စလာမ် ဘာသာကို စော်ကားမှုနဲ့ ခုလို ပြစ်ဒဏ် ချမှတ်ခဲ့တာလို့ ဆိုပြီး၊ နောက်ထပ် တစ်ဦးကိုလည်း လူငယ် ထိန်းသိမ်းရေး စခန်းကို ပို့လိုက်ပါတယ်။

ပြစ်ဒဏ် ချခံရတဲ့ အဲဒီ ဆယ်ကျော်သက်တွေ ကတော့ သူတို့အနေနဲ့ IS အဖွဲ့ရဲ့ ခေါင်းဖြတ်မှုတွေကိုသာ လှောင်ပြောင်ခဲ့တာ ဖြစ်တယ်လို့ ပြန်လည် ချေပ ခဲ့ကြပါတယ်။

မွတ်ဆလင် အများစု ဖြစ်တဲ့ အီဂျစ်နိုင်ငံမှာ ခရစ်ယာန်တွေ အနေနဲ့ ဖိနှိပ် ဆက်ဆံ ခံရမှုတွေကြောင့် အချိန်အတော်ကြာ ကတည်းက မကျေနပ်မှုတွေ ရှိနေခဲ့တာပါ။

ဒီကနေ့ ကြာသပတေးနေ့မှာ ဆယ်ကျော်သက် ၄ ယောက်ကို ပြစ်ဒဏ် ချခဲ့တဲ့ Beni Mazar မြို့က တရားရုံးမှာ လုံခြုံရေးတွေကို ထူထူထပ်ထပ် ချထားခဲ့ပါတယ်။

တရားခံ ရှေ့နေ Maher Naguib ကတော့ ပြစ်ဒဏ်တွေက မယုံနိုင်စရာပဲလို့ ပြောပြီး၊ အယူခံ ဝင်သွားမယ်လို့ ဆိုပါတယ်။

သူတို့တွေ ရိုက်ခဲ့တဲ့ အဲဒီ ဗီဒီယိုကို IS တွေက လစ်ဗျားမှာ ဒါဇင်နဲ့ချီတဲ့ အီဂျစ် ခရစ်ယာန်တွေကို ခေါင်းဖြတ် သတ်ခဲ့ပြီး မကြာမီ၊ ပြီးခဲ့တဲ့နှစ် ဧပြီလက ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ရိုက်ပေးတဲ့ သူတို့ရဲ့ ဆရာကိုလည်း သီးခြား ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ