ဂရိက သူ့သံအမတ်ကို သြစတြီးယားကနေ ပြန်ခေါ်

  • 25 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေ့ပြောင်းသူ အားလုံးနီးပါးက ဂရိကနေ တဆင့် မြောက်ဘက်က ဘော်လ်ကန် နိုင်ငံတွေဆီ ဖြတ်ဝင်ကြ။

ဥရောပထဲ ဝင်လာနေတဲ့ ရွှေ့ပြောင်းသူတွေ အရေးနဲ့ ပတ်သက်ပြီး အီးယူ အဖွဲ့ဝင် နိုင်ငံတွေကြား သိသိသာသာ ကွဲလွဲမှုတွေ ရှိနေချိန်မှာပဲ ဂရိနိုင်ငံက သူ့ရဲ့ သံအမတ်ကို သြစတြီးယား နိုင်ငံကနေ ပြန်လည် ခေါ်ယူ လိုက်ပါတယ်။

သြစတြီးယားက ဘောလ်ကန် နိုင်ငံတွေကို ဖိတ်ခေါ်ပြီး ရွှေ့ပြောင်းသူတွေ အရေးကို ဆွေးနွေးခဲ့စဉ်က ဂရိကို မဖိတ်ဘဲ ထားခဲ့ပြီးနောက် အခုလို ဂရိရဲ့ ဆောင်ရွက်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂရိက ဒါဟာ မိတ်ဆွေ မပီသတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ပြောခဲ့ပြီး၊ သူ့ရဲ့ သံအမတ်ကို 'တိုင်ပင်စရာတွေ ရှိလို့' ပြန်ခေါ်လိုက်တယ်လို့ ဂရိက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရွှေ့ပြောင်းသူတွေကို ကိုင်တွယ်ရာမှာ အကွဲကွဲ အလွဲလွဲ ဖြစ်နေမှုတွေကို အဖြေရှာဖို့ အီးယူနဲ့ ဘော်လ်ကန် နိုင်ငံတွေက ဝန်ကြီးတွေ ဘရပ်ဆဲလ်မှာ ဆွေးနွေးနေကြပါတယ်။

ရွှေ့ပြောင်းသူတွေကို အကန့်အသတ်နဲ့သာ လက်ခံဖို့ သြစတြီးယား၊ ဆားဘီးယားနဲ့ မက်ဆီဒိုးနီးယား နိုင်ငံတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်လာကြတဲ့ အတွက် ဂရိနိုင်ငံထဲမှာ ရွှေ့ပြောင်းသူတွေ သောင်တင်နေပြီး ဂရိကို ဒေါသ ထွက်စေ ခဲ့ပါတယ်။

ဥရောပကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က အခုနှစ် ၂၀၁၆ အတွင်းမှာတင် တစ်သိန်း ကျော်သွားပြီ ဖြစ်ပြီး အားလုံး နီးပါးက ဂရိကနေ တဆင့် ရောက်လာကြတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ