ပြင်သစ် ကယ်လေ မှာနေထိုင်သူတွေ ရွှေ့တော့မယ်

  • 26 ဖေဖော်ဝါရီ 2016
_migrant_ ဓာတ်ပုံ မူပိုင် AFP
Image caption ကယ်လေ ရွှေ့ပြောင်း ဒုက္ခသည်များ

နိုင်ငံတကာ သတင်းကတော့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ကယ်လေမြို့နား က ရွှေပြောင်း ဒုက္ခသည်တွေ စခန်းချ နေကြ တဲ့ နေရာ တစိတ်တပိုင်းကို ရှင်းလင်းပစ် ဖို့ အစိုးရရဲ့ အစီအစဉ်တခုကို ပြင်သစ် တရားသူကြီး က အတည်ပြု လိုက်ပါတယ်။ The Jungle တောအုပ် လို့ အမည် ပေးထား တဲ့ အဲဒီနေရာ မှာ အရှေ့အလယ်ပိုင်းဒေသ နဲ့ အာဖရိက ဒေသ က လာတဲ့ လူထောင် ပေါင်းများစွာ နေကြပြီး ချဲန်နယ်လ် ရေလက်ကြားကို ဖြတ်ယင်း ဗြိတိန်နိုင်ငံ ကို ဝင်ဖို့ ကြိုးစား နေကြတာပါ။

အဲဒီ စခန်း တောင်ပိုင်းကနေ ရွှေ့ပြောင်းဒုက္ခသည်တွေ နောက်ဆုံးထား ထွက်ခွာပေးဖို့ ရက်သတ်မှတ်ထားတာ အင်္ဂါနေ့ မှာ ပြည့်မှာ ဖြစ်ပါတယ်။ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘနား ကက်ဇ် နာ့ဗ် က ဒီအစီအစဉ် ဟာ ရက်ရက်စက်စက် ဖြိုဖျက်ပစ်မယ့် အစီအစဉ်မျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ ဘုရား ဝတ်ပြု တဲ့ နေရာ ဒါမှမဟုတ် စာသင်ကျောင်း လို အများသုံးတဲ့ နေရာတွေ ကို တော့ ရှင်းလင်းမှာ မဟုတ်ဘူးလို့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကယ်လေခရိုင် မှ အုပ်ချုပ်ရေး အရာရှိ က ဒီနေရာ တဝိုက် ကို ရှင်းလင်း ပစ်မယ် လို့ ဆိုရခြင်းက ရွှေ့ပြောင်းလာသူတွေ အနေနဲ့ အကာအကွယ် ပိုရအောင် ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း ပြောပါတယ်။ သူတို့ အနေနဲ့ အတည်ပြု ပြောနိုင်တာက တခြား အဖွဲ့အစည်းတွေရဲ့ အကူအညီ တွေ နဲ့ အတူ သူတို့ ကို ဒီ့ထက် လုံခြုံတဲ့ နေရာ ကို ပို့ပေးပြီး လူကုန်ကူးသူ တွေ ရဲ့ လက်အောက် က လွတ်အောင် လုပ်ပေး ဖို့ စီစဉ်တာပါ လို့ ပြောပါတယ်။

ဒါပေမဲ့ နယ်စီးမခြား ဆရာဝန်များ အဖွဲ့ ကတော့ ပြင်သစ် အစိုးရ ဟာ ရွှေ့ပြောင်း ဒုက္ခသည်တွေ ကို ယာယီ ခိုလှုံစရာ ခွင့်ပြုမယ် လို့ ပြောခြင်း ဟာ ပြဿနာ ကို ပြေလည်အောင် ဖြေရှင်း ပေးနေတာ မဟုတ်လို့ သူတို့ ကို တရားဝင် ခိုလှုံ နေထိုင်ခွင့် ပေးဖို့ ကောင်းနေ ပါပြီ လို့ ဝေဖန် လိုက်ပါတယ်။

အခုလို ပြောင်းရွှေ့ပစ်မဲ့ အစီအစဉ် အရ လူပေါင်း ၁၀၀၀ ကျော် အကျုံး ဝင်တာပါ။ အစိုးရ အနေနဲ့ ဒီစခန်း ကို မြေတူးစက် ဘူလ်ဒိုဇာ နဲ့ ထိုးပြီး အဓမ္မ ရွှေ့ပစ်မှာ မဟုတ်ဘူး လို့ လည်း ဆိုပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ ဘက်ကလည်း ပြင်သစ် က အခုလို ရွှေ့ပစ် ဖို့ စီစဉ် လိုက်ရင် သူတို့ နိုင်ငံ ဘက် ရောက်လာမှာ စိုးလို့ နယ်စပ် မှာ စစ်ဆေးမှု တွေ တင်းကျပ်ထားပါတယ်။ ဒါ ကို ပြင်သစ် က မဖြစ်နိုင်ပါဘူး လို ပြောပေမဲ့ တချို့ အုပ်စု လိုက် သူတို့ နိုင်ငံ နယ်စပ် ရောက်လာ လို့ တားမြစ်လိုက်တဲ့ အကြောင်း ဘယ်လ်ဂျီယံ က တုံ့ပြန်လိုက်ပါတယ်။