အီရန် ရွေးကောက်ပွဲ မှာ ပြုပြင်ရေးဝါဒီတွေ နေရာပိုရလာ

  • 28 ဖေဖော်ဝါရီ 2016
hassan_rouhani_nuclear ဓာတ်ပုံ မူပိုင် AFP
Image caption ဒီ ပါလီမန် ရွေးကောက်ပွဲရဲ့ ရလာဒ်ဟာ လာမယ့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲ ကျရင် သမ္မတ ရူဟာနီ ပြန်လည် အရွေးအကောက် ခံရ နိုင်လား ဆိုတဲ့ အပေါ် အများကြီး သက်ရောက်မှု ရှိနိုင် ပါတယ်။

အီရန် ပါလီမန် ရွေးကောက်ပွဲ ကနေ ကနဦး ထွက်ပေါ် လာတဲ့ ရလာဒ် တွေ အရ သမ္မတ ဟာဆန်း ရူဟာနီ ကို ထောက် ခံကြတဲ့ ပြုပြင် ပြောင်းလဲရေး လိုလားသူ တွေ ဟာ ပြိုင်ဘက် ရှေးရိုးစွဲ တွေ ထက် သိသိသာသာ နေရာရ လာကြ ပါတယ်။

မြို့တော် တဟီရန်ရဲ့ မဲဆန္ဒနယ် အားလုံး နီးပါးမှာ ပြုပြင်ရေးဝါဒီ တွေ အနိုင် ရနိုင်ခြေ ရှိပါတယ်။

ဒါပေမယ့် နိုင်ငံ တဝှမ်း က မြို့ငယ် တွေ မှာတော့ ရှေးရိုးစွဲ တွေ လွှမ်းမိုးမယ့် မဲဆန္ဒနယ် တွေလည်း ရှိနေပါတယ်။

အခု အီရန် ပါလီမန် ရွေးကောက်ပွဲဟာ သူ့အစိုးရ ကို ပိုပြီး အင်အား ကောင်းလာစေတယ် လို့ သမ္မတ ရူဟာနီ က ပြောပါတယ်။

ရွေးကောက်ပွဲ အတွင်း မဲဆန္ဒရှင်တွေဟာ အီရန် မှာ ဩဇာ အညောင်းဆုံး အတိုင်ပင်ခံ ကျွမ်းကျင်သူများ လွှတ်တော် ဆိုတဲ့ ဘာသာရေး ဦးဆောင် အဖွဲ့ ရဲ့ နေရာ ၈၈ နေရာ အတွက်ပါ မဲပေး ခဲ့ကြရတာ ဖြစ်ပါတယ်။

အီရန် ရဲ့ အထွဋ်အထိပ် ခေါင်းဆောင် နေရာကို ခန့်အပ် နိုင်တဲ့ အဲဒီ့ ဘာသာရေး ဦးဆောင် အဖွဲ့ ထဲ ပါဝင် နိုင်ဖို့ အတွက် လက်ရှိ သမ္မတ ရူဟာနီ နဲ့ သမ္မတ အက္ကဘာ ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ တို့ အခြေအနေ ကောင်းနေပါတယ်။

ဒီရွေးကောက်ပွဲဟာ အီရန် ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ နဲ့ အကြား သဘောတူမှု ရရှိ ခဲ့ပြီးတဲ့ နောက် အီရန် မှာ ပထမဆုံး အကြိမ် ကျင်းပ လာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ဒီ ပါလီမန် ရွေးကောက်ပွဲရဲ့ ရလာဒ်ဟာ လာမယ့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲ ကျရင် သမ္မတ ရူဟာနီ ပြန်လည် အရွေးအကောက် ခံရ နိုင်လား ဆိုတဲ့ အပေါ် အများကြီး သက်ရောက်မှု ရှိနိုင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ