အပစ်ရပ်ထားတဲ့ ဆီးရီးယားထဲကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဖို့ ကုလပြင်ဆင်

  • 28 ဖေဖော်ဝါရီ 2016
syria_truce_children_
Image caption ဆီးရီးယား နိုင်ငံမှာ အပစ်ရပ် သဘောတူမှု စတင် သက်ဝင်လာတာ ၂ ရက်မြောက် ရှိပြီ။

အပစ်အခတ် ရပ်ဆိုင်းထားတဲ့ ဆီးရီးယား နိုင်ငံထဲက လက်နက်ကိုင် အသီးသီးရဲ့ ပိတ်ဆို့ ဝိုင်းရံတာ ခံနေရတဲ့ နေရာတွေ ကို ထောက်ပံ့ရေး ပစ္စည်းတွေ ပိုပြီး ပေးပို့ နိုင်ဖို့ စီစဉ် နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့ က ဘီဘီစီကို ပြောပါတယ်။

လူ တစ်သိန်းခွဲ အတွက် စားနပ် ရိက္ခာ၊ ရေ နဲ့ ဆေးဝါး တွေကို ကျန် မိတ်ဖက် အဖွဲ့အစည်းတွေ ရဲ့ အကူအညီ နဲ့ အတူ ပေးပို့ သွားမယ် လို့ ဆိုပါတယ်။

အဲဒီ့ အစီအစဉ် ကို ဖေဖေါ်ဝါရီလ ၂၉ ရက် တနင်္လာ နေ့ က စလို့ သီတင်းပတ် အကုန် အထိ ပြုလုပ် သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဆီးရီးယား နိုင်ငံမှာ အပစ်ရပ် သဘောတူမှု စတင် သက်ဝင်လာတာ ၂ ရက်မြောက် နေ့မှာပဲ သဘောတူမှု ကို ချိုးဖောက်မှု တွေ ပြုလုပ် တယ် ဆိုပြီး အစိုးရ နဲ့ သူပုန် နှစ်ဘက်စလုံး က အပြန်အလှန် စွပ်စွဲမှု တွေ ထွက်ပေါ် လာပါတယ်။

အဓိက အတိုက်အခံ သူပုန် အုပ်စု ရဲ့ အဆိုအရ အစိုးရ သစ္စာခံ တပ်တွေ ဘက်က အပစ်ရပ် မှု ကို ချိုးဖောက်တာတွေ အကြိမ်ရေ အတော်များများ ကျူးလွန်ခဲ့တယ် လို့ ပြောပါတယ်။

ဒီလို ဆက်ပြီး ချိုးဖောက် နေဦးမယ် ဆိုရင် ဆီးရီးယား ငြိမ်းချမ်းရေး စကားပြောပွဲ တွေကို ကုလသမဂ္ဂ မျှော်လင့် ထားတဲံ အတိုင်း ပြန်လည် စတင် နိုင်မှာ မဟုတ်ဘူးလို့ လည်း သူပုန် အုပ်စုက သတိပေး ပါတယ်။

ဒါပေမယ့် မြေပေါ် လက်တွေ့ အခြေအနေဟာ အပစ်ရပ် သဘောတူမှု မစခင် အချိန်ကထက် အများကြီး ပိုပြီး တိုးတက်မှု ရှိတယ် လို့တော့ သူပုန် အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ