ကာလေ ဂျန်းဂဲ စခန်း ရှင်းလင်းမှုတွေ ပြန်စ

  • 1 မတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ရှင်းလင်းရေး အဖွဲ့တွေ အင်္ဂါနေ့မနက်ပိုင်းက စခန်းထဲ ဝင်ရောက်လာ။

ပြင်သစ် နိုင်ငံ၊ ကာလေ ဆိပ်ကမ်းမြို့မှာ ရွှေ့ပြောင်းသူတွေရဲ့ Jungle စခန်းကို တနင်္လာနေ့က ဖြိုဖျက် ရှင်းလင်းခဲ့ရာမှာ ရွှေ့ပြောင်းသူတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပြီးနောက် ဒီကနေ့ အင်္ဂါနေ့မှာ အဓိကရုဏ်း ရဲတွေက ရှင်းလင်းမှုတွေ ပြန်လည် စတင် လိုက်ပါတယ်။

Jungle စခန်းက ဖြစ်သလို ဆောက်ထားတဲ့ အမိုးအကာတွေကို ဖြိုဖျက် ရှင်းလင်းနေတာ ဖြစ်ပြီး၊ အနီးတဝိုက်မှာပဲ ကွန်တိန်နာတွေနဲ့ လုပ်ထားတဲ့ နေရာကို ရွှေ့ပြောင်းသူတွေကို ရွှေ့ခိုင်းနေတာ ဖြစ်ပါတယ်။

တကယ်လို့ ရွှေ့ပြောင်းသူတွေက ငြင်းဆန်မယ် ဆိုရင် အင်အားသုံး ဖြေရှင်းသွားမယ်လို့ ပြင်သစ် ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

ဒါပေမယ့် ရွှေ့ပြောင်းသူ အများအပြားကတော့ အဲဒီလို လိုက်နာရင် ဗြိတိန် နိုင်ငံထဲအထိ လာလိုတဲ့ သူတို့ရဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ရပြီး ပြင်သစ်မှာပဲ မဖြစ်မနေ ခိုလှုံခွင့် လျှောက်ရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့ ညက တစ်ညလုံး စခန်းရှင်းတဲ့ သူတွေကို ရွှေ့ပြောင်းသူတွေက ခဲတွေနဲ့ ပစ်ပေါက် ခုခံတဲ့အတွက် အဓိကရုဏ်း ရှင်းလင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ် ရှင်းလင်း နေခဲ့ရပါတယ်။

အခု ရှင်းလင်းတဲ့ အစီအစဉ်မှာ ရွှေ့ပြောင်းသူ တစ်ထောင်လောက် ပါဝင်နိုင်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက ယူဆထားပေမယ့် အကူအညီ ပေးရေး အဖွဲ့တွေကတော့ ရွှေ့ပြောင်းသူ အရေအတွက်က ဒီထက် များနိုင်တယ်လို့ ပြောကြပါတယ်။

အဲဒီ စခန်းမှာ ရောက်ရှိနေသူ အများစုက ဗြိတိန် ရေလက်ကြားကို ဖြတ်ပြီး ယူကေ နိုင်ငံထဲ ဝင်ရောက်ဖို့ မျှော်လင့် နေသူတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ