ဒုက္ခသည်ဆိုင်ရာ အရေးပေါ် ရံပုံငွေကို ဥရောပနိုင်ငံတွေကို ပေးမယ်

eu_migrants ဓာတ်ပုံ မူပိုင်
Image caption အီးယူရဲ့ အပြင်ဘက် မှာ ဖြစ်ပေါ်တဲ့ အရေးပေါ် အခြေအနေ တွေ ကို တုံ့ပြန် ကိုင်တွယ် ရာမှာသာ အသုံးပြုတဲ့ နည်းလမ်း တွေ ကို အီးယူ နိုင်ငံ တွေ အတွင်း ဖော်ဆောင် လာမှာ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရေး နဲ့ ပတ်သက်ပြီး အကြပ်အတည်း ဆိုက်ရောက်နေတဲ့ ဂရိ အပါအဝင် တခြား ဥရောပ နိုင်ငံတွေ ကို ကူညီ ဖြေရှင်းဖို့ရာ ဒေါ်လာ သန်း ၇၅၀ တန်ဖိုး ရှိတဲ့ အရေးပေါ် အကူအညီ ပေးရေး အစီအစဉ် တွေကို ဥရောပ ကော်မရှင်က ကြေညာ လိုက်ပါတယ်။

တကယ်လို့ အဖွဲ့ဝင် နိုင်ငံတွေ ရဲ့ သဘောတူ ခွင့်ပြုချက် ရလာပြီ ဆိုရင်တော့၊ အရင်တုန်းက ဥရောပ သမဂ္ဂ အဖွဲ့ အီးယူရဲ့ အပြင်ဘက် မှာ ဖြစ်ပေါ်တဲ့ အရေးပေါ် အခြေအနေ တွေ ကို တုံ့ပြန် ကိုင်တွယ် ရာမှာသာ အသုံးပြုတဲ့ နည်းလမ်း တွေ ကို အီးယူ နိုင်ငံ တွေ အတွင်း ဖော်ဆောင် လာမှာ ဖြစ်ပါတယ်။

အဲဒီလို ဖော်ဆောင်ရာမှာ ကုလသမဂ္ဂ အပါအဝင် တခြား အကူအညီ ပေးရေး အဖွဲ့တွေ နဲ့ ညှိနှိုင်း ပြီး ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။

လူမှု ကယ်ဆယ်ရေး ပရဟိတ အဖွဲ့ တစ်ခု ဖြစ်တဲ့ Oxfam က ဥရောပ ကော်မရှင် ရဲ့ အစီအစဉ် ကို ကြိုဆို လိုက်ပါတယ်။

ဒါပေမယ့် ရွှေ့ပြောင်းသူတွေ အနေနဲ့ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်လာ စေရတဲ့ အခြေအနေ အကြောင်းအရင်း တွေ အပေါ် မှာ ပါကိုင်တွယ်နိုင်ဖို့ လိုအပ်တယ် ဆိုပြီး Oxfam ရဲ့ ပြောခွင့်ရ ဆာရာ တစ်ဆိုယယ်ရီ က ပြောပါတယ်။

ဒီအချိန်မှာပဲ၊ ပြင်သစ် မြောက်ပိုင်း Dunkirk ဒန်ခါ့ခ် မြို့ မှာရှိတဲ့ စခန်းထဲ နေထိုင် နေကြတဲ့ ရွှေ့ပြောင်းသူ တစ်ထောင် ကျော်ကို လာမယ့် သီတင်းပတ် နောက်ဆုံး ထားပြီး စခန်းကနေ ထွက်ခွာ ရမယ် လို့ ဒေသခံ အာဏာပိုင် တွေက ပြောလိုက် ပါတယ်။

အဲဒီ့ စခန်း ကို ပိတ်သိမ်းမှာ ဖြစ်တဲ့ အတွက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ဖွင့်လှစ် ပေးထားတဲ့ စခန်းသစ် ဆီ ရွှေ့ပြောင်း ရမှာ ဖြစ်တယ် ဆိုပြီး Dunkirk မြို့တော်ဝန် ရဲ့ ကြေညာစာ ကို စခန်းထဲမှာ လာရောက် ကပ် ထားပါ တယ်။

ကာလေ ဆိုတဲ့ ဆိပ်ကမ်းမြို့ မှာတော့ ကာလေ ဂျန်းဂဲလ် ဆိုပြီး ခေါ်ဝေါ် သုံးစွဲ နေတဲ့ ရွှေ့ပြောင်းသူတွေ ရဲ့ ယာယီ တဲ စခန်းတွေ ကို ပြင်သစ် အာဏာပိုင် တွေက ဆက်လက် ဖျက်သိမ်း နေကြ ဆဲ ဖြစ်ပါတယ်။

ကာလေ ဂျန်းဂဲလ် ကို တစ်လ လောက် အချိန်ယူ ဖျက်ရ နိုင်တယ် ဆိုပြီး ပြင်သစ် အာဏာပိုင် တွေ ခန့်မှန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ