မိုဇမ်ဘစ်မှာ တွေ့တဲ့ အစိတ်အပိုင်း၊ MH370 က ဖြစ်နိုင်

  • 2 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption MH370 ရဲ့ တောင်ပံ အစိတ်အပိုင်း တစ်ခုကို ၂၀၁၅ ဇူလိုင်လက ပြင်သစ်ပိုင် ရီယူနီယံ ကျွန်းမှာ တွေ့ခဲ့။

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ အကြွင်းအကျန်လို့ ယူဆရတဲ့ အစိတ်အပိုင်း တစ်ခုကို မိုဇမ်ဘစ် နိုင်ငံ၊ ကမ်းရိုးတန်းမှာ တွေ့ခဲ့ရပြီးနောက် အဲဒီ အစိတ်အပိုင်းရဲ့ ဓာတ်ပုံတွေကို မလေးရှား လေယာဉ်ပျောက် ရှာဖွေရေး အဖွဲ့က စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အာဖရိက အရှေ့ပိုင်း ကမ်းရိုးတန်းက မိုဇမ်ဘစ် နိုင်ငံရဲ့ ကမ်းခြေ သဲပြင်ပေါ်မှာ တွေ့ရတဲ့ အဲဒီ အစိတ်အပိုင်းဟာ ပျောက်ဆုံးနေတဲ့ MH 370 နဲ့ အမျိုးအစား တူတဲ့ ဘိုရင်း ၇၇၇ ရဲ့ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

MH370 လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ်လထဲမှာ ကွာလာလမ်ပူ ကနေ ဘေဂျင်းကို လူ ၂၃၉ ဦး တင်ဆောင် ပျံသန်းစဉ် ပျောက်ဆုံး ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ MH370 လေယာဉ်က အကြွင်းအကျန်လို့ အတည်ပြုနိုင်တဲ့ တောင်ပံ အစိတ်အပိုင်း တစ်ခုကိုတော့ အစောပိုင်းက ရီယူနီယံ ကျွန်းပေါ်မှာ တွေ့ခဲ့ရပါတယ်။

အဲဒီ အစိတ်အပိုင်းရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီးသွားတဲ့ မလေးရှား၊ သြစတြေးလျနဲ့ အမေရိကန်က စစ်ဆေးသူတွေကတော့ အဲဒီ အရာဝတ္ထုဟာ ဘိုရင်း ၇၇၇ ရဲ့ အမြီးပိုင်းက ပဲ့ထိန်း တောင်ပံ ဖြစ်နိုင်တဲ့ အလားအလာ များတယ်လို့ ပြောပါတယ်။

ဂြိုဟ်တု အချက်အလက်တွေ အရ MH370 လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ ပျက်ကျခဲ့တယ်လို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ