ရွှေ့ပြောင်းသူတွေကို လက်နက်အဖြစ် ရုရှား သုံးနေ

ဓာတ်ပုံ မူပိုင် AP
Image caption အီးယူ နိုင်ငံ အများအပြားက ပိတ်လိုက်တဲ့ နယ်စပ်တွေမှာ ရွှေ့ပြောင်းသူတွေ စုပြုံနေ။ ဒီလို အခြေအနေ ဖြစ်လာအောင် ရုရှားနဲ့ ဆီးရီးယားက တမင် ဖန်တီးခဲ့တယ်လို့ အမေရိကန်က ပြော။

ရုရှားနဲ့ ဆီးရီးယား တို့ဟာ ဥရောပကို ထိုးနှက်တဲ့ မဟာဗျူဟာ အဖြစ် ရွှေ့ပြောင်း နေထိုင်သူတွေကို ရည်ရွယ်ချက်ရှိရှိ အသုံးချ နေတယ်လို့ နေတိုး အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်က ပြောပါတယ်။

ဥရောပကို ချိနဲ့သွားအောင်၊ တည်ငြိမ်မှု ပျက်ပြားအောင် ရည်ရွယ်တဲ့ လက်နက်အဖြစ် ရွှေ့ပြောင်းသူတွေကို ရုရှားနဲ့ ဆီးရီးယား တို့က အသုံးချနေတာလို့ နေတိုး ခေါင်းဆောင် အမေရိကန် ဗိုလ်ချုပ် Philip Breedlove က ပြောခဲ့တာပါ။

ရွှေ့ပြောင်း ဝင်ရောက်သူတွေ ထဲမှာ ရာဇဝတ်သားတွေ၊ အစွန်းရောက်တွေနဲ့ တိုက်ခိုက်ရေး သမားတွေ ပုန်းအောင်း နေကြတယ် လို့လည်း သူက ပြောပါတယ်။

အခု ရက်ပိုင်းမှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို မက်ဆီဒိုးနီးယားက အကန့်အသတ် နဲ့သာ လက်ခံတော့တဲ့ အတွက် ဂရိဘက်မှာ စုပြုံ သောင်တင် နေကြပါတယ်။

အဲဒီ ရွှေ့ပြောင်းသူတွေ ပြဿနာကို ကိုင်တွယ်ရာမှာ လူသားချင်း စာနာမှု ဆိုင်ရာ အရေးပေါ် ကူငွေ အဖြစ် ၂၀၁၆ ကနေ ၂၀၁၈ အတွင်း သုံးစွဲဖို့ ယူရိုငွေ သန်း ၇၀၀ လျာထားမယ့် အစီအစဉ်ကို ဥရောပ ကော်မရှင်က လက်ခံလိုက်ပါတယ်။

အခုနှစ် ၂၀၁၆ အတွင်းမှာတင် ဥရောပကို ရေလမ်းကနေ ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က ၁၂၉,၅၀၀ ရှိသွားပြီး ကုန်းလမ်းကနေ ရောက်လာသူက ၁,၅၄၅ ရှိတယ်လို့ နိုင်ငံတကာ လူဝင်မှု ဆိုင်ရာ အဖွဲ့ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ