ကလင်တန်နဲ့ ထရမ့်၊ ပြည်နယ်အများစု အနိုင်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြိုင်ဖက်တွေကို လွှမ်းမိုးနိုင်မယ်လို့ ကလင်တန်နဲ့ ထရမ့် နှစ်ဦးစလုံးက ပြောကြ။

အမေရိကန် ပြည်ထောင်စုမှာ ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်လာရေး ယှဉ်ပြိုင်မှုတွေရဲ့ အရေးအကြီးဆုံးနေ့ ဖြစ်တဲ့ စူပါ ကျူးစ်ဒေး နေ့က ရွေးကောက်ပွဲ ရလဒ်တွေအရ ဒီမိုကရက်တစ် ပါတီအတွက် ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလီကန် ပါတီအတွက် ဒေါ်နယ် ထရမ့် တို့က ပြည်နယ်အများစုမှာ အနိုင်ရခဲ့ကြပါတယ်။

အင်္ဂါနေ့က ၁၁ ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန်က မစ္စတာ ထရမ့် နဲ့ ဒီမိုကရက်က မစ္စက် ကလင်တန် တို့ဟာ အဓိက ပြည်နယ်ဖြစ်တဲ့ မက်ဆာချူးဆက် အပါအဝင် တောင်ပိုင်း ပြည်နယ် အများစုမှာ အနိုင်ရခဲ့ကြတာ ဖြစ်ပါတယ်။

ရီပက်ဘလီကန် အတွက် မစ္စတာ ထရမ့်က ၇ ပြည်နယ်မှာ အနိုင်ရပြီး၊ တက်ဒ် ခရုဇ် ကတော့ ပြည်နယ် ၃ ခုမှာ အနိုင်ရပါတယ်။ တတိယ နေရာက မာကို ရူဘီယို ကတော့ ပြည်နယ် ၁ ခုမှာ နိုင်ခဲ့ပါတယ်။

မစ္စတာ ထရမ့်ရဲ့ အောင်ပွဲခံ မိန့်ခွန်းမှာ သူ့ရဲ့ ရီပက်ဘလီကန် ပြိုင်ဘက်တွေကို လက်လျှော့ပြီး သူနဲ့ ပူးပေါင်းဖို့ သဘောမျိုး ပြောသွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဓိက ပြိုင်ဖက်တွေ ဖြစ်တဲ့ တက်ဒ် ခရုဇ်နဲ့ မာကို ရူဘီယို တို့ကတော့ ပြိုင်ပွဲက ထွက်မယ့် အရိပ်အယောင် မပြသေးပါဘူး။

တစ်ခါ တက်ဒ် ခရုဇ် ကလည်း မစ္စတာ ထရမ့်ကို ယှဉ်နိုင်ဖို့အတွက် တခြား ရီပက်ဘလီကန် ပြိုင်ဖက်တွေကို သူနဲ့ ပူးပေါင်းဖို့ တက္ကဆက်မှာ ပြောခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီမှာတော့ မစ္စက် ကလင်တန်က သူ့ပြိုင်ဖက် မစ္စတာ ဆန်းဒါးစ်ကို ပြည်နယ် ၄ ခုမှာပဲ အနိုင်ရအောင် ထိန်းထား နိုင်ခဲ့ပြီး ကျန်တဲ့ ပြည်နယ်တွေမှာ အနိုင်ယူ နိုင်ခဲ့ပါတယ်။

စူပါ ကျူးစ်ဒေးနေ့ အနိုင်ရမှု အခြေအနေ

ဒေါ်နယ် ထရမ့် (ရီပတ်ဘလီကန်)- အယ်လ်ဘားမား၊ ဂျော်ဂျီယာ၊ မက်ဆာချူးဆက်၊ တန်နက်ဆီ၊ ဗာဂျီးနီးယား၊ အာကန်ဆော၊ ဗားမွန့်။

တက်ဒ် ခရုဇ် (ရီပတ်ဘလီကန်)- တက္ကဆက်၊ အိုကလာဟိုးမား၊ အလက်ဆကာ။

မာကိုရူဘီယို(ရီပတ်ဘလီကန်)- မင်နီဆိုတာ။

ဟီလာရီ ကလင်တန်(ဒီမိုကရက်)- အယ်လ်ဘားမား၊ ဂျော်ဂျီယာ၊ တန်နက်ဆီ၊ ဗာဂျီးနီးယား၊ အာကန်ဆော၊ တက္ကဆက်၊ မက်ဆာချူးဆက်၊ ဆမ်မိုအာ။

ဘာနီ ဆန်းဒါးစ်(ဒီမိုကရက်)- ဗားမွန့်၊ အိုကလာဟိုးမား၊ မင်နီဆိုတာ၊ ကော်လိုရာဒို။

ဒီသတင်းနဲ့ပတ်သက်သမျှ