ဗဟိုအာဖရိကမှာ LRA ဖမ်းဆီးတဲ့ ကလေးဦးရေ များလာ

  • 3 မတ် 2016
Image caption LRA ခေါင်းဆောင် Joseph Kony ကို စစ်ရာဇဝတ်မှုတွေနဲ့ အလိုရှိနေ။

အာဖရိကတိုက်၊ ဗဟို အာဖရိက နိုင်ငံမှာ အခုနှစ် ဇန်နဝါရီလက စပြီး LRA သူပုန်အဖွဲ့က ဖမ်းဆီးခဲ့သူ ၂၁၇ ဦး ရှိသွားပြီလို့ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ထဲမှာ LRA ဖမ်းဆီးခဲ့တဲ့ အရေအတွက်ထက် နှစ်ဆ နီးပါး ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေ ထဲမှာ ကလေးသူငယ် ၅၄ ဦး ပါဝင်ခဲ့ပြီး၊ သူတို့ကို စစ်သားသစ် အဖြစ် သုံးတာ၊ လိင်ကျွန်အဖြစ် ခိုင်းတာတွေ ခံထားရလိမ့်မယ် လို့လည်း LRA Crisis Tracker က ပြောပါတယ်။

အင်အား လျော့လာနေတဲ့ LRA အဖွဲ့ဟာ သူတို့ရဲ့ တပ်သား အင်အားကို ပြန်ဖြည့်ဖို့ လုပ်ဆောင်နေပုံ ရတယ် လို့လည်း အဲဒီ အဖွဲ့က ပြောပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံတကာ တပ်ဖွဲ့တွေက လိုက်လံ ချေမှုန်းခဲ့ပြီးနောက် ဘက်ပြောင်းသွားသူ၊ ဖမ်းဆီးခံရသူတွေနဲ့ LRA အဖွဲ့ အင်အား လျော့လာတာ ဖြစ်ပါတယ်။

LRA ခေါင်းဆောင်တွေကို ရှာဖွေနေတဲ့ အာဖရိက တပ်ဖွဲ့တွေကို ကူညီဖို့ အမေရိကန်က အထူး တပ်ဖွဲ့ပေါင်း ၁၀၀ ပေးပို့ ခဲ့ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကလည်း စစ်ရာဇဝတ်မှုတွေနဲ့ အလိုရှိနေတဲ့ LRA ခေါင်းဆောင် Joseph Kony အတွက် ဖမ်းဆီး ဝရမ်း ထုတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ