ဘီလျံနာ သူဌေးကြီး ထရမ့်ကို အပြင်းအထန် ဝေဖန်နေကြ

  • 4 မတ် 2016
သမ္မတလောင်းဖြစ်ဖို့ မဲဆွယ်နေတဲ့ Donald Trump ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတလောင်းဖြစ်ဖို့ မဲဆွယ်နေတဲ့ Donald Trump

အမေရိကန် သမ္မတလောင်း အဖြစ် ရီပတ်ဘလစ်ကန် ပါတီက အရင်၂နှစ်က အရွေးခံကြတဲ့ ကိုယ်စားလှယ် နှစ်ယောက်စလုံးက ဒီနှစ်အတွက် ပါတီမှာ သမ္မတ လောင်းဖြစ်လာဖို့ ထိပ်က ပြေးနေသူDonald Trumpကို ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။

တကယ်ဆို ဒီလိုအချိန်မျိုးမှာ ထိပ်ဆုံးက ပြေးနေသူကို အားလုံးက ဝိုင်းထောက်ခံရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် Mitt Romneyရဲ့ တိုက်ခိုက်မှုက အလွန်ပြင်းထန်ပါတယ်။ သူ့ဆိုအရ Trump ရဲ့မူဝါဒတွေကြောင့် တိုင်းပြည် စီးပွားရေး ကျဆင်းနိုင်ပြီး နိုင်ငံခြားက မိတ်ဆွေတွေနဲ့ မျက်နှာပျက်နိုင်တယ် နောက်သူတို့ပါတီက အိမ်ဖြူတော်ကို ရောက်ဖို့တောင် အလှမ်းဝေး သွားနိုင်တယ်လို့ ဆိုပါတယ်။

သူအခုလို ဝင်ရောက်စွက်ဖက် ပြောဆို လိုက်တဲ့အပေါ်အရင်က ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း အထက်လွှတ်တော်အမတ် John Mccain ကလည်း ထောက်ခံပါတယ်။ အမျိုးသား လုံခြုံရေးဆိုင်ရာ Trump ရဲ့ပြောစကားတွေဟာ အချက်အလက် မပြည့်စုံဘဲ အန္တရာယ်ရှိတယ်လို့ ထောက်ပြပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် ရီပတ်ဘလစ်ကန် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက New York ဘီလျံနာ သူဌေးကြီး သမ္မတလောင်း ဖြစ်လာမှာကို တုန်လှုပ်နေကြပြီး သူအရွေး မခံရအောင် ဖြစ်တဲ့နည်းနဲ့ တားဖို့ အချက်ပြ လိုက်တာလည်းဖြစ်ပါတယ်။

Mr Trump ဘက်ကလည်း ပြန်တုံ့ပြန်ဖို့လက်မနှေးပါဘူး။ ၂၀၁၂ခု သမ္မတရွေးပွဲမှာ Mitt Romneyဟာ အကြီးအကျယ်ရှုံးနိမ့်သူတယောက်လို့ သရော် လိုက်ပါတယ်။

ဒီလောက်တဘက်နဲ့တဘက် နစ်နစ်နာနာ ပြောနေကြတာ ပါတီတွင်း အကွဲအပြဲကို လည်းပြတာဖြစ်ပါတယ်။ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christieကတော့ Trumpကို ထောက်ခံချင်တဲ့ ဆန္ဒရှိနေပါတယ်။ အခုလို အပြင်းအထန် အဝေဖန် ခံနေရပေမယ့် ပါတီက မထွက်ဖို့ Christie ကTrumpကိုတိုက်တွန်း လိုက်တယ်လို့ ဝါရှင်တန်မှာရှိတဲ့ ဘီဘီစီ သတင်းထောက် Babara Plett Usherက သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ