မလေးရှား ဝန်ကြီးချုပ် နုတ်ထွက် ပေးဖို့ တောင်းဆို

  • 4 မတ် 2016
Malaysia PM ဓာတ်ပုံ မူပိုင် Reuters
Image caption အဂတိလိုက်စားမှု စွပ်စွဲ၊ နုတ်ထွက်ပေးဖို့ တောင်းဆို

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုကြတဲ့ အထဲမှာ ပြိုင်ဘက် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေ ပူးပေါင်း ပါဝင်လာကြပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက် ရဲ့ ဘဏ်စာရင်းထဲမှာ အမေရိကန် ဒေါ်လာ သန်း ၆၈၀ တွေ့ရှိပြီးနောက်မှာ သူ့ကို အကျင့်ပျက် လာဘ် စားတယ်လို့ စွပ်စွဲပြီး အခုလို ရာထူး နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကတော့ ပြည်သူတွေ စိုးရိမ်ပူပန် နေကြတာက တိုင်းပြည်ကို ကြီးကြီးမားမား ဖျက်ဆီးသူ တယောက်က တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ အချက်ကို စိတ်ပူနေကြတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါကို ခွင့်လွှတ်လိုက်ရင် နောင်မှာ ဒီ့ထက် ပိုဆိုးလာလိမ့်မယ် လို့လည်း သူက ဆိုပါတယ်။

ဝန်ကြီးချုပ် မစ္စတာရာဇက် ကတော့ အဲဒီငွေတွေဟာ နိုင်ငံရေးရန်ပုံငွေအဖြစ် လှူဒါန်းလို့ ရရှိထားတာလို့ ဆိုပေမယ့် တခြားသူတွေကတော့ ဒါဟာ နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုတွေထဲက ကဲ့ယူထားတာလို့ ဆိုနေပါတယ်။

လက်ရှိအာဏာရပါတီ၊ အတိုက်အခံပါတီနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ စုပေါင်းထုတ်ပြန်တဲ့ပူးတွဲ ကြေညာချက်ထဲမှာ တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့ နာဂျစ် ရာဇက်ခေါင်းဆောင်တဲ့ အစိုးရလက်ထဲကနေ မလေးရှားကို ကယ်တင်ဖို့ အားလုံး ပူးပေါင်း ပါဝင်ကြပါလို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ