ဥရောပမှာ ခိုလှုံခွင့်လျှောက်သူ ၂၀၁၅ မှာ နှစ်ဆတက်

  • 4 မတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိဘက်အခြမ်း မက်ဆီဒိုးနီးယား နယ်စပ်မှာ ပိတ်မိနေသူ တစ်သောင်း ကျော်လာ။

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ခိုလှုံခွင့် လျှောက်သူ အရေအတွက်ဟာ ၂၀၁၅ ခုနှစ် အတွင်းမှာ တစ်သန်း နှစ်သိန်း ငါးသောင်း ငါးထောင့် ခြောက်ရာ ရှိသွားတဲ့အတွက် ၂၀၁၄ ခုနှစ်မှာထက် နှစ်ဆကျော် ရှိလာတယ်လို့ ကိန်းဂဏန်း အသစ်တွေက ဆိုပါတယ်။

ခိုလှုံခွင့် လျှောက်တဲ့ အဲဒီ ရွှေ့ပြောင်းသူတွေ ထဲမှာ ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန် နိုင်ငံသားတွေက ထိပ်ဆုံးက ဖြစ်ပြီး၊ သူတို့ အားလုံးရဲ့ သုံးပုံ တစ်ပုံကျော်က ဂျာမနီမှာ လျှောက်ကြတယ်လို့ Eurostat က ပြောပါတယ်။

နောက်ထပ်လည်း ရွှေ့ပြောင်း ဝင်ရောက်သူတွေ တူရကီကနေ ဂရိဘက်ကို နေ့စဉ် ထောင်နဲ့ချီ ဝင်ရောက် လာနေဆဲ ဖြစ်ပါတယ်။

ဂရိ မြောက်ဘက်က မက်ဆီဒိုးနီးယားနဲ့ တခြား ဘော်လ်ကန် နိုင်ငံတွေက နယ်စပ်တွေ ကန့်သတ် လိုက်တဲ့အတွက် အခုတော့ ဂရိမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းသူ တစ်သောင်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ကုလ သမဂ္ဂ ကတော့ ဂရိနိုင်ငံထဲမှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းသူတွေရဲ့ အခြေအနေတွေ ဆိုးရွားလာနေတဲ့အတွက် ဥရောပ သမဂ္ဂကို သတိပေးခဲ့ပြီး၊ ဒီပြဿနာကို ဖြေရှင်းဖို့ အချက် ၆ ချက်ပါတဲ့ အစီအစဉ် တစ်ခုကို ကုလ သမဂ္ဂက အဆိုပြု ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ထဲမှာ အီးယူ နိုင်ငံ အများစုက ဆန့်ကျင်ထားတဲ့ အစီအစဉ် ဖြစ်တဲ့ ရွှေ့ပြောင်းသူတွေကို ခွဲတမ်းနဲ့ လက်ခံဖို့လည်း ပါဝင် နေပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်နဲ့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ် တို့ နှစ်ဦးကတော့ အီးယူရဲ့ အပြင်ဘက် နယ်နိမိတ် လုံခြုံရေးကို ထိန်းချုပ်ဖို့ အရေးကြီးကြောင်း အသားပေး ပြောဆို လိုက်ပါတယ်။

ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ် ကလည်း တူရကီကို ရောက်ရှိနေပြီး ရွှေ့ပြောင်းသူကို ဆွေးနွေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ