အီရန်ရဲ့အချမ်းသာဆုံးကို သေဒဏ်ပေး

  • 6 မတ် 2016
Zanjani
Image caption အီရန်ရဲ့ အချမ်းသာဆုံး ဇန်ဂျာနီ

အီရန် နိုင်ငံက ဘီလျံနာ သူဌေးကြီး ဘာဘက် ဇန်ဂျာနီကို အဂတိလိုက်စားမှုနဲ့ သေဒဏ်ပေးလိုက်ပါတယ်။

အီရန်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ ဇန်ဂျာနီဟာ ရေနံကရတဲ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါး လိမ်လည်မှုနဲ့ ၂၀၁၃ ခုနှစ်က အဖမ်းခံရတာ ဖြစ်ပါတယ်။

အီရန်က တရားရေးဆိုင်ရာ ပြောခွင့်ရ ဂိုလန်ဟိုစိန် မိုဆန်နီ အက်ဂျာဟီက အီရန်အစိုးရ ရုပ်မြင်သံကြားကနေ ကြေညာရာမှာ ဘာဘက် ဇန်ဂျာနီအပြင် တခြား တရားခံ ၂ ဦးကို ကြားနာစစ်ဆေးပြီး တရားရုံးကနေ သေဒဏ်ပေးခဲ့တာလို့ ပြောပါတယ်။

အီရန်ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူထားခဲ့စဉ်က မစ္စတာ ဇန်ဂျာနီဟာ အီရန်အစိုးရနဲ့တချို့အဖွဲ့အစည်းတွေကို ပိတ်ဆိုမှုကိုရှောင်ပြီး ရေနံရောင်းချလို့ရအောင် ကူညီပေးခဲ့လို့လည်း သူ့ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကနေလည်း အမည်ပျက်စာရင်း သွင်းထားပါတယ်။

တစ်ဘက်မှာလည်း သူဟာ နိုင်ငံတော်ပိုက်ဆံနဲ့ ကြွယ်ဝချမ်းသာလာတာလို့ စွပ်စွဲခံရပါတယ်။

မစ္စတာ ဇန်ဂျာနီဘက်ကတော့ အယူခံဝင်မယ်လို့ ပြောပါတယ်။