ရွှေ့ပြောင်းသူအရေး ဆွေးနွေးပွဲ အီးယူနဲ့ တူရကီ စတင်

  • 7 မတ် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဂရိ နိုင်ငံထဲမှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းသူပေါင်း တစ်သောင်း သုံးထောင်ကျော် ရှိလာ။

ရွှေ့ပြောင်းသူ ပြဿနာကို ဖြေရှင်းဖို့အတွက် အရေးကြီးတဲ့ ထိပ်သီး ဆွေးနွေးပွဲကို အီးယူ ခေါင်းဆောင်တွေနဲ့ တူရကီတို့ ဘရပ်ဆဲလ် မြို့မှာ စတင် လိုက်ချိန်မှာပဲ ဘော်လ်ကန် နိုင်ငံတွေကို ဖြတ်ပြီး ရွှေ့ပြောင်းသူတွေ ဝင်ရောက်တဲ့ လမ်းကြောင်းကို ပိတ်ပစ်မယ့် ကိစ္စအပေါ် သဘော ကွဲလွဲမှုကို စတင် တွေ့ရပါတယ်။

ရွှေ့ပြောင်းသူတွေ ဝင်ရောက်တဲ့ လမ်းကြောင်းကို ပိတ်ပစ်ဖို့ အီးယူရဲ့ အစီအစဉ် မူကြမ်းမှာ ဖော်ပြ ထားပေမယ့် ဂျာမနီ အစိုးရကတော့ အဲဒါဟာ ခန့်မှန်း ပြောဆိုမှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိပ်သီး အစည်းအဝေးမှာ တူရကီကို ကူငွေ ဒေါ်လာ ၃.၃ ဘီလျံ ပေးပြီး ရွှေ့ပြောင်းသူတွေကို တူရကီဘက် ပြန်ခေါ်ဖို့ အီးယူက တူရကီကို တိုက်တွန်းဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ဥရောပကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က တစ်သန်းကျော် ရှိခဲ့ပြီး သူတို့ အများစုက တူရကီကနေ ဂရိကို လှေစီး ဖြတ်ကူး လာကြသူတွေ ဖြစ်ပါတယ်။

ရွှေ့ပြောင်းသူ အများစုက ဥရောပ မြောက်ပိုင်း နိုင်ငံတွေဆီ ရောက်ရှိ ခဲ့ကြပြီး နောက်ပိုင်းမှာ အီးယူ နိုင်ငံ ၈ နိုင်ငံက နယ်စည်း ထိန်းချုပ်မှုတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်လာ ခဲ့ပါတယ်။

ဂရိ မြောက်ပိုင်းက မက်ဆီဒိုးနီးယား နိုင်ငံရဲ့ နယ်စည်း ကန့်သတ်မှုကြောင့် ဂရိဘက်မှာ စုပြုံ သောင်တင်နေတဲ့ ရွှေ့ပြောင်းသူပေါင်း တစ်သောင်း သုံးထောင်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ