တရုတ် ပို့ကုန်ပမာဏ ၂၅ ရာခိုင်နှုန်း ထိုးကျ

  • 8 မတ် 2016
ဓာတ်ပုံ မူပိုင် Getty

တရုတ် နိုင်ငံရဲ့ ပို့ကုန် ပမာဏဟာ ၇ နှစ်အတွင်း အနိမ့်ဆုံး အနေအထားကို ဖေဖော်ဝါရီလမှာ ထိုးကျခဲ့တဲ့ အတွက် ကမ္ဘာ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ တရုတ် စီးပွားရေး အပေါ် စိုးရိမ်မှုတွေ ထပ်မံ တိုးပွား လာစေခဲ့ပါတယ်။

ပို့ကုန် ပမာဏက ပြီးခဲ့တဲ့ နှစ်ကထက် ၂၅.၄ ရာခိုင်နှုန်း ထိုးကျခဲ့ပြီး၊ သွင်းကုန် ပမာဏကလည်း ၁၃.၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။

တရုတ် စီးပွားရေး တိုးတက်နှုန်းက ၂၅ နှစ်အတွင်း အနှေးကွေးဆုံး နှုန်းထားနဲ့ ကြုံနေရတဲ့ သတင်းတွေ ထွက်ခဲ့ပြီး မကြာမီမှာပဲ အခုလို ပို့ကုန် ကျဆင်းတဲ့ အချက်အလက်တွေ ပေါ်ထွက် လာတာပါ။

အစောပိုင်းကပဲ ဘေဂျင်းမှာ ပြုလုပ်နေတဲ့ တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက်က ၂၀၁၆ အတွက် တရုတ် စီးပွားရေး တိုးတက်မှု ရည်မှန်းချက် ပမာဏကို လျှော့ချ သတ်မှတ် ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီလ အတွက် အဲဒီ ကုန်သွယ်ရေး ကျဆင်းတဲ့ အချက်အလက် တွေကြောင့် စီးပွားရေး တိုးနှုန်း မကျအောင် ဆောင်ရွက်နေတဲ့ တရုတ် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ အပေါ် စိုးရိမ်မှုတွေ ထပ်တိုး လာစေဖွယ် ရှိပါတယ်။

ဒါပေမယ့် တရုတ် နှစ်သစ်ကူး ကာလကြောင့် အခုလို ပို့ကုန် သွင်းကုန် ကျဆင်းတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက သတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ