MH370 ၂နှစ်ပြည့်၊ ပြန်တွေ့ဖို့ မျှော်လင့်ထားဆဲဟု ဆို

  • 8 မတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ်အကြောင်းကို ရှင်းရှင်းလင်းလင်း သိချင်တယ်လို့ ကျန်ရစ်သူ မိသားစုတွေက ပြောနေကြဆဲ။

ပျောက်ဆုံးနေတာ ၂နှစ်တိတိ ကြာခဲ့ပြီ ဖြစ်တဲ့ မလေးရှား လေယာဉ် MH370 ကို ပြန်တွေ့ဖို့ မျှော်လင့်ထားဆဲ ဖြစ်တယ်လို့ မလေးရှားနဲ့ သြစတြေးလျ အစိုးရတွေက ပြောပါတယ်။

MH370 လေယာဉ်ဟာ ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့က လူ ၂၃၉ ဦး တင်ဆောင်ပြီး ကွာလာလမ်ပူ မြို့ကနေ ဘေဂျင်း မြို့ကို ပျံသန်းစဉ် ပျောက်ဆုံး ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက ၁၂၀,၀၀၀ စတုရန်း ကီလိုမီတာ ဧရိယာကို သြစတြေးလျ ဦးဆောင်တဲ့ ရှာဖွေရေး အဖွဲ့တွေက ပိုက်စိပ်တိုက် ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

MH370 လေယာဉ်က အကြွင်းအကျန်လို့ အတည်ပြုနိုင်တဲ့ အပိုင်းအစအဖြစ် ရီယူနီယံ ကျွန်းပေါ်မှာ တွေ့ရတဲ့ တောင်ပံ အစိတ်အပိုင်း တစ်ခုကိုသာ ခုချိန်အထိ တွေ့ရ ပါသေးတယ်။

လေယာဉ်ပျောက် စုံစမ်းရေးအဖွဲ့ကို မလေးရှားက ဦးဆောင်ပြီး၊ အဖွဲ့ထဲမှာ အမေရိကန်၊ တရုတ်၊ သြစတြေးလျ၊ ပြင်သစ်နဲ့ ဗြိတိန်က ပညာရှင်တွေ ပါဝင် နေပါတယ်။

လေယာဉ်ပျက်ကို ရှာဖွေရာမှာ အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော် ကုန်ကျမယ်လို့ ခန့်မှန်း ပါတယ်။

လက်ရှိ ရှာနေတဲ့ ဧရိယာကို လာမယ့် ဇွန်လ ဝန်းကျင်မှာ အပြည့်အစုံ ရှာဖွေ ပြီးစီးမှာ ဖြစ်ပြီး၊ အဲဒီအခါမှာ ရှာဖွေရေးတွေ ရပ်ဆိုင်းမယ်လို့ သက်ဆိုင်ရာ နိုင်ငံတွေက ပြောခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ