ဆလိုဗီးနီယား နယ်စပ်တွေ ပိတ်လိုက်

ဓာတ်ပုံ မူပိုင် EPA
Image caption ဆလိုဗီးနီးယားရဲ့ လုပ်ဆောင်ချက်ကြောင့် ဘော်လကန် လမ်းကြောင်းကြီး ပိတ်သွားတော့မှာ ဖြစ်။

ဥရောပသမဂ္ဂ ဝင်နိုင်ငံတခုဖြစ်တဲ့ ဆလိုဗီးနီးယားနိုင်ငံက သူတို့နိုင်ငံထဲကို ရွှေ့ပြောင်းဒုက္ခသည်တွေ ဝင်လာနေမှုကို ကန့်သတ်ဖို့အတွက် နယ်စပ်ဂိတ်ကို မတ်လ ၈ရက် ဒေသစံတော်ချိန် ည ၁၂နာရီက စလို့ ပိတ်လိုက်ပါပြီ။

ဆလိုဗီးနီးယားနိုင်ငံမှာ ခိုလှုံခွင့် တောင်းမယ့်သူတွေ ဒါမှမဟုတ် လူသားချင်းစာနာတဲ့ အကူအညီ တောင်းခံဖို့ နယ်စပ်မှာ ရောက်နေသူတွေကိုပဲ နိုင်ငံထဲ ဝင်ခွင့် ပေးတော့မယ်လို့ ဆလိုဗီးနီးယား အစိုးရက ပြောပါတယ်။

ဒီကြေညာချက်အရ ဂရိစ်နိုင်ငံကနေတဆင့် ဥရောပ ဒေသမြောက်ပိုင်းဆီကို သွားဖို့ ရွှေ့ပြောင်းဒုက္ခသည်တွေ အသုံးပြုနေတဲ့ အဓိကဘော်လကန် လမ်းကြောင်းကြီး ပိတ်သွားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းဉီးပေါက်ကာလ ကတည်းက စလို့ လူ ၅သိန်းနီးပါးလောက်ဟာ ဥရောပ သမဂ္ဂဝင် နိုင်ငံတခုဖြစ်တဲ့ ဆလိုဗီးနီးယား နိုင်ငံကနေ ခရီးတထောက် ဖြတ်ပြီး ဥရောပဒေသထဲ ဝင်လာခဲ့ကြတာပါ။

ဒါပေမယ့် အခုတော့ ဆလိုဗီးနီးယား အစိုးရက ဒါကို တားဆီး ပိတ်ပင်ဖို့ လုပ်တော့မှာပါ။

ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ရှန်ဂန် စည်းမျဉ်းအတိုင်း သူတို့ လိုက်နာ ဆောင်ရွက်မှာ ဖြစ်ပြီး ဆလိုဗီးနီးယားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံလိုသူတွေနဲ့ လူသားချင်း စာနာတဲ့ အကူအညီ လိုနေသူတွေကိုသာ သူတို့ နိုင်ငံထဲ ပေးဝင်တော့မယ်လို့ ဆိုပါတယ်။

ဆလိုဗီးနီးယား အစိုးရရဲ့ ကြေညာချက်ကို တုန့်ပြန်တဲ့အနေနဲ့ EU ဥရောပ သမဂ္ဂဝင် နိုင်ငံ မဟုတ်တဲ့ တောင်ဘက်ပိုင်းက အိမ်နီးချင်း ဆားဘီးယား နိုင်ငံကလည်း အလားတူ ကန့်သတ် ပိတ်ပင်မှုမျိုး လုပ်မယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

သြစတြီးယား၊ ခရိုအေးရှားနဲ့ မက်ဆီဒိုးနီးယား နိုင်ငံတို့ကတော့ သူတို့နိုင်ငံထဲ ရွှေ့ပြောင်းဒုက္ခသည်တွေ ဝင်ခွင့်တွေကို ကန့်သတ် ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။