IS ဓါတုလက်နက် ကျွမ်းကျင်သူကို ဖမ်းမိထား

ဓာတ်ပုံ မူပိုင် None
Image caption IS တွေ ဓာတု လက်နက် သုံးကြောင်း အတည်ပြု နိုင်ခဲ့ရင် ဒါဟာ အီရတ်မှာ ဆက်ဒမ် ဟူစိန် ခေတ်နောက်ပိုင်း ပထမဆုံး အသုံးပြုတာ ဖြစ်

IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က ဓာတု လက်နက် ကျွမ်းကျင်သူ တယောက်ကို အီရတ်မှာ အမေရိကန် တပ်တွေက ဖမ်းမိ ထားလို့ စစ်ဆေး နေတယ် လို့ သိရပါတယ်။

IS အဖွဲ့က ဗုံးဆံထဲမှာ ဆာလ်ဖာ ဓာတ်ငွေ့ တွေ ဘယ်လို ထည့်သွင်းတယ် ဆိုတာ ဒီဖမ်းမိထားတဲ့သူက ဝန်ခံ ပြောကြား ခဲ့ကြောင်း အမေရိကန် သတင်းစာ တွေက ရေးသား နေပါတယ်။

IS တွေ ဓာတု လက်နက် သုံးကြောင်း အတည်ပြု နိုင်ခဲ့ရင် ဒါဟာ အီရတ်မှာ ဆက်ဒမ် ဟူစိန် ခေတ်နောက်ပိုင်း ပထမဆုံး အသုံးပြုတာ ဖြစ်ပါတယ်။

ဆာလ်ဖာ ဓာတ်ငွေ့ကို မသုံးဖို့ နိုင်ငံတကာ ဥပဒေ တွေမှာ တားမြစ် ထားခဲ့ပါတယ်။

ဒီ ဓာတ်ငွေ့ က လူကို သေစေနိုင်တဲ့ထိ မပြင်းထန် ပေမယ့် အရေပြား ၊ မျက်စိ၊ လည်ချောင်းနဲ့ကိုယ်တွင်း အင်္ဂါတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

ဖမ်းထားတဲ့ မစ္စတာ အာဖာရီဟာ IS ဓာတုလက်နက် ထုတ်တဲ့ ဘက်က အကြီးအကဲလို့ အီရတ် ထောက်လှမ်းရေးကို ကိုးကားပြီး အေပီ သတင်း တွေက ရေးသား ပါတယ်။

အမေရိကန် စစ်ဘက်ကတော့ ဒါတွေကို အတည်ပြုချက် မပေးဘဲ အီရတ်မှာ IS ခေါင်းဆောင်တွေကို ပစ်မှတ်ထား ရှာတဲ့ စစ်ဆင်ရေး ဆောင်ရွက်နေကြောင်းပဲ ပြောပါတယ်။

အရင်ပတ်ကလည်း IS ခေါင်းဆောင် တယောက် အီရတ်မှာ မိထားတယ်လို့ အမေရိကန်က ကြေညာပြီး နာမည် မဖော်ပြ သေးပါဘူး။

ဖမ်းဆီးမှုတွေကို အီရတ် အာဏာပိုင်တွေနဲ့ ပူးတွဲ လုပ်ဆောင်နေပြီး ခေတ္တ ခဏသာ ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ