အသေးစား နျူလက်နက်တွေ ထုတ်နိုင်ပြီလို့ ကင်ဂျုံအန်း ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption နျူလက်နက် ဆိုတဲ့ အရာကို ကင်ဂျုံအန်း စစ်ဆေးနေတဲ့ ပုံကို မြောက်ကိုရီးယား မီဒီယာက ပြသခဲ့။

မြောက်ကိုရီးယားက ပဲ့ထိန်း ဒုံးကျည်တွေထဲ ထည့်ပစ်နိုင်တဲ့ အသေးစား နျူကလီးယား လက်နက်တွေကို သူတို့ သိပ္ပံပညာရှင် တွေက ထုတ်လုပ် နိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြောလိုက် ပါတယ်။

အဲဒီ အမျိုးအစား နျူလက်နက် တစ်ခုလို့ ဆိုတဲ့ အရာဝတ္ထုရဲ့ အနီးမှာ ခေါင်းဆောင် ကင်ဂျုံအန်း ရပ်နေတဲ့ ပုံရိပ်တွေကို မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့် ပြသ သွားပါတယ်။

နျူထိပ်ဖူးတွေ ထုတ်လုပ်နိုင်ပြီ ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ပြောဆိုချက်ကို ဓာတ်ပုံတွေက တဆင့် အတည်ပြုဖို့ မဖြစ်နိုင်သလို၊ ကျွမ်းကျင်သူတွေ ကလည်း ဒီလို ပြောဆိုချက်တွေ အပေါ် အရင်ကတည်းက သံသယ ရှိနေခဲ့ကြပါတယ်။

ကုလ သမဂ္ဂက မြောက်ကိုရီးယား အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်မံ ချမှတ် ခဲ့ပြီးနောက် မြောက်ကိုရီးယားက ရန်လိုတဲ့ စကားတွေနဲ့ တုံ့ပြန် ပြောဆို လာခဲ့ပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု၊ ဂြိုဟ်တု လွှတ်တင်မှုတွေ လုပ်ခဲ့ပြီးနောက် ကုလ လုံခြုံရေး ကောင်စီက အဲဒီလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခု ရက်ပိုင်းမှာတော့ နှစ်စဉ် ပြုလုပ်နေကျ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေကို အရင် နှစ်တွေကထက် ပိုများတဲ့ အင်အားနဲ့ ပြုလုပ်ခဲ့ရာမှာ မြောက်ကိုရီးယားက နျူလက်နက်တွေနဲ့ မဆင်မခြင် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ