ဆန့်ကျင်မှုတွေကြားက ဒေလီ ယဉ်ကျေးမှုပွဲ ပြုလုပ်မယ်

  • 11 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ၃ ရက်ကြာ ပြုလုပ်မယ့် အဲဒီ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်ကြောင့် အဲဒီ ဒေသရဲ့ ပတ်ဝန်းကျင်ကို ပျက်စီးစေတယ်လို့ ကန့်ကွက်သူတွေက ပြော။

အိန္ဒိယ နိုင်ငံ၊ ဒေလီမြို့က ယမုံနာ မြစ်ဝှမ်း လွင်ပြင်မှာ ပြုလုပ်မယ့် ယုံကြည်မှုနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပွဲတော် တစ်ခုကို ပတ်ဝန်းကျင် အရေး ကန့်ကွက်မှုတွေ ကြားကပဲ ဒီကနေ့ သောကြာနေ့ ညနေပိုင်းမှာ စတင် ပြုလုပ်မှာ ဖြစ်ပါတယ်။

ယုံကြည်မှုဆိုင်ရာ ခေါင်းဆောင် ဆရီ ဆရီ ရာဗီ ရှန်ကာ ဦးဆောင်ပြီး ၃ ရက်ကြာ ကျင်းပမယ့် အဲဒီ ပွဲတော်ဟာ ယမုံနာ မြစ်ကမ်း ဝန်းကျင်ကို ထိခိုက် ပျက်စီး စေတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အိန္ဒိယ အာဏာပိုင်တွေကတော့ ဒဏ်ကြေး အဖြစ် ရူပီ သန်း ၅၀ (ဒေါ်လာ ၇သိန်း ၄သောင်းကျော်) ပေးဆောင်စေပြီး အဲဒီ ပွဲတော်ကို ဆက်လက် ကျင်းပခွင့် ပြုလိုက်တာပါ။

ဆရီ ဆရီ ရာဗီ ရှန်ကာရဲ့ အဖွဲ့အစည်းကတော့ အဲဒီ ပွဲတော်ကြောင့် ပတ်ဝန်းကျင် ထိခိုက်တယ် ဆိုတာကို ငြင်းဆန်ပြီး ဒဏ်ကြေးငွေကို ပေးဆောင်ဖို့ အစောပိုင်းက ငြင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီကနေ့ သောကြာနေ့မှာတော့ ဒဏ်ကြေး ရူပီး ၂.၅ သန်းကို ပေးဆောင်ဖို့ သဘောတူခဲ့ပြီး ကျန်ငွေတွေကိုတော့ သီတင်း ၃ ပတ်အတွင်း ပေးချသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အဲဒီ ယဉ်ကျေးမှု ပွဲတော်ကို နိုင်ငံပေါင်း ၁၅၀ က ဧည့်သည် ၃.၅ သန်း တက်ရောက် ကြမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ