ပူတင့် လက်ထောက်ဟောင်း သေဆုံးမှု၊ ဦးခေါင်း ဒဏ်ရာကြောင့် ဖြစ်

  • 11 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ်ခေးလ် လက်ဇင်ရဲ့ အလောင်းကို Dupont Circle ဟော်တယ်က အခန်းထဲမှာ တွေ့ခဲ့ကြရ။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ လက်ထောက်ဟောင်း ဖြစ်သူ Mikhail Lesin ဆိုသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာက အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ သေဆုံး နေတာကို တွေ့ရှိ ခဲ့ရပြီးနောက် သူ သေဆုံးရတာဟာ ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ သေမှုသေခင်း စစ်ဆေးသူတွေက ပြောလိုက်ပါတယ်။

မစ်ခေးလ် လက်ဇင်ရဲ့ အလောင်းမှာ အဲဒီ ခေါင်းဒဏ်ရာ အပြင် လည်ကုပ်၊ ရင်ဘတ်၊ ခြေနဲ့ လက်တွေမှာလည်း ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်လို့ ဝါရှင်တန် ဒီစီရဲ့ ဆေးဘက် စစ်ဆေးရေးမှူးက ပြောပါတယ်။

မစ်ခေးလ် လက်ဇင်ဟာ ရုရှားရဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဖြစ်သလို သြဇာကြီးတဲ့ ဂက်ဇ်ပရွမ် မီဒီယာ အုပ်စုရဲ့ အကြီးအကဲလည်း ဖြစ်ခဲ့ဖူးပါတယ်။

သူ သေဆုံးပြီးနောက် သူ့မှာ နှလုံးရောဂါ ရှိကြောင်း သူ့မိသားစုတွေက ပြောတယ်လို့ ရုရှား သတင်းမီဒီယာက ဖော်ပြ ခဲ့ပါတယ်။

မစ္စတာ လက်ဇင်ဟာ ရုရှားမှာ သြဇာ အရှိဆုံးတွေထဲက တစ်ဦးအဖြစ် အချိန် အတန်ကြာ မှတ်ယူခံခဲ့ရတာပါ။

သူ ဝါရှင်တန်မှာ ဘာကြောင့် ရောက်နေသလဲ ဆိုတာကို မရှင်းလင်းပေမယ့် သူ့မိသားစုဝင် တချို့ကတော့ အမေရိကန်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

မစ္စတာ လက်ဇင်ဟာ ၂၀၀၄ ကနေ ၂၀၀၉ အထိ သမ္မတ လက်ထောက်အဖြစ် လုပ်ကိုင် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ