တိုက်ပွဲ အဖိုးအခအဖြစ် တောင်ဆူဒန် အမျိုးသမီးတွေ အဓမ္မကျင့်ခံရ

  • 11 မတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption တောင်ဆူဒန် အစိုးရ စစ်တပ်က စစ်ရာဇဝတ်မှု စွဲချက်တွေ စွပ်စွဲခံထားရ။

တောင်ဆူဒန် နိုင်ငံမှာ သူပုန်တွေကို တိုက်ရာမှာ အစိုးရ စစ်တပ်နဲ့ မဟာမိတ် ဖြစ်တဲ့ ပြည်သူ့စစ်တွေကို တိုက်ပွဲတွေအတွင်း အဖိုးအခအဖြစ် အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခွင့် ပေးထား ခဲ့တယ်လို့ ကုလ သမဂ္ဂရဲ့ အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

မနှစ်က ယူနီတီ ပြည်နယ် တစ်ခုတည်းမှာတင် အမျိုးသမီး ၁,၃၀၀ အဓမ္မ ပြုကျင့် ခံခဲ့ရတာကို စုံစမ်း စစ်ဆေးသူတွေက တွေ့ရှိခဲ့တယ်လို့ အဲဒီ အစီရင်ခံစာက ပြောပါတယ်။

တောင်ဆူဒန် အစိုးရဟာ သူပုန်တွေကို တိုက်ရာမှာ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာ၊ အဓမ္မပြုကျင့် တာတွေကို စစ်လက်နက် အဖြစ် သုံးခဲ့ပြီး၊ မြေလှန် စနစ်ကို ကျင့်သုံးခဲ့တယ်လို့ အဲဒီ အစီရင်ခံစာက စွပ်စွဲထားပါတယ်။

အစောပိုင်းကလည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ Amnesty International ရဲ့ အစီရင်ခံစာ တစ်ခုမှာ တောင်ဆူဒန် အစိုးရ တပ်ဖွဲ့တွေက သင်္ဘောတင် ကွန်တိန်နာ တစ်လုံးထဲကို လူကြီး လူငယ် အမျိုးသား ၆၀ ကျော်ကို ထည့်ပြီး သေစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တောင်ဆူဒန် အစိုးရကတော့ သူ့စစ်တပ်အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

တောင်ဆူဒန်မှာ ပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စပြီး သေဆုံးသူ သောင်းနဲ့ချီ ရှိသွားပြီလို့ ကုလ သမဂ္ဂက ခန့်မှန်းပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ