တရုတ်အစိုးရ အစီအစဉ်ကို အမေရိကန်သတိပေး

  • 12 မတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဝူဒီကျွန်း

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေဆီကို ခရီးသည်လေယာဉ်တွေ ပြေးဆွဲမယ့် တရုတ်ရဲ့ အစီအစဉ်ကို အမေရိကန်ဘက်က သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ လေယာဉ်ပြေးဆွဲရေး အစီအစဉ်ကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ပိုမိုတိုးမြှင့်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူက သတိပေးခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ထဲက နယ်မြေတွေကို ဒေသတွင်းကအခြား နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံ တို့ကလည်း သူတို့လည်း နယ်မြေပိုင်ဆိုင်ကြောင်း ပြောကြား နေကြပါတယ်။

တရုတ်အစိုးရပိုင် စင်ဟွာ သတင်းဌာန က လာမယ့် တစ်နှစ် အတွင်း ဝူဒီ ကျွန်းပေါ်ကို လေယာဉ်ပြေးဆွဲ မှုတွေ စတင်နိုင်မှာဖြစ်ကြောင်း သောကြာနေ့မှာ သတင်းထုတ်ပြန် ခဲ့ပြီးနောက် အခုလို သတိပေးတာ တွေဖြစ်လာတာပါ။