အိုင်ဗရီကို့စ် အပန်းဖြေ ကမ်းခြေကို သေနတ်သမားတွေ တိုက်ခိုက်

grand_bassam_ivory_coast ဓာတ်ပုံ မူပိုင် Reuters
Image caption အယ်ကိုင်အေးဒါး အဖွဲ့ရဲ့ အာဖရိက မြောက်ပိုင်း အဖွဲ့ခွဲက သူတို့လက်ချက် ဆိုပြီး ကြေညာ ထား။

အနောက် အာဖရိက နိုင်ငံ တစ်ခု ဖြစ်တဲ့ အိုင်ဗရီကို့စ် ရဲ့ ဂရဲန်း ဘာ့စ်ဆမ် ဆိုတဲ့ အပန်းဖြေ ကမ်းခြေ မှာ သေနတ်သမား တွေ ဝင်ရောက် တိုက်ခိုက် လို့ အရပ်သား ၁၄ ဦး နဲ့ အစိုးရ စစ်သား နှစ်ဦး သေဆုံး သွားပါတယ်။

အဲဒီ့ ကမ်းခြေ ဟာ အိုင်ဗရီကို့စ် ရဲ့ အဓိက မြို့ကြီး ဖြစ်တဲ့ အဘာ့ဂျန်း အနီး တည်ရှိတာ ဖြစ်ပြီး အခင်း ဖြစ်ရာ နေရာ ကို ရောက် နေတဲ့ အိုင်ဗရီကို့စ် သမ္မတ အာလာဆန် ဝါထာရား က လာတိုက် ခိုက်ကြတဲ့ သေနတ်သမား ၆ ဦး လည်း သေဆုံး သွားတယ် လို့ ပြောပါတယ်။

အင်တာနက် လူမှု ကွန်ရက် စာမျက်နှာ တွေပေါ် တက်လာတဲ့ ဓာတ်ပုံ တွေ ထဲမှာ သွေးအိုင် ထဲ လဲနေကြတဲ့ လူသေ အလောင်း တချို့ကို တွေ့ နေရပါတယ်။

မျက်မြင် သက်သေတွေရဲ့ အဆိုအရ မျက်နှာဖုံးစွပ် သေနတ်သမား တွေဟာ ကမ်းခြေ မှာ စတင် ပစ်ခတ် ခဲ့ပြီး အနီးက ဟိုတယ်တွေ အထဲကို ပါဝင်ရောက် တိုက်ခိုက် ခဲ့ကြတာ ဖြစ်တယ် လို့ ဆိုပါတယ်။

အယ်ကိုင်အေးဒါး အဖွဲ့ရဲ့ အာဖရိက မြောက်ပိုင်း အဖွဲ့ခွဲက သူတို့လက်ချက် ဆိုပြီး ကြေညာ ထားတယ် ဆိုပြီး အစ္စလာမ်မစ် လက်နက်ကိုင် တွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေ ကို စောင့်ကြည့် နေသူတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ လ အတွင်း တခြား အနောက် အာဖရိက နိုင်ငံ ၂ ခုက ဇိမ်ခံ ဟိုတယ် တွေ လည်း အစ္စလာမ်မစ် လက်နက်ကိုင် တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ