ဆီးရီးယားအရေး ဆွေးနွေးမှုတွေ ပြန်လည် စတင်

  • 14 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား စစ်ပွဲတွေကြောင့် လူ နှစ်သိန်းခွဲလောက် သေဆုံးခဲ့ရပြီး၊ လူဦးရေရဲ့ တစ်ဝက်လောက် နေရပ် စွန့်ခွာခဲ့ကြရ။

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဂျီနီဗာမှာ ပြန်လည် စတင်လိုက်ပြီး၊ ဆီးရီးယား ဆိုင်ရာ ကုလ သံတမန် Staffan de Mistura က ဒီဆွေးနွေးမှု တွေဟာ ဆီးရီးယား အတွက် တကယ့် အဆုံးအဖြတ် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မစ္စတာ de Mistura က ဆီးရီးယား နိုင်ငံရေး အကူးအပြောင်း အတွက် အဓိက ညှိနှိုင်းရမှာ ဖြစ်ပြီး၊ အဲဒါကို မညှိနှိုင်း နိုင်ခဲ့ရင် စစ်ပွဲတွေ ပြီးဆုံးမှာ မဟုတ်ဘူးလို့ ဆွေးနွေးမှုတွေ မစမီမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်စလုံးက သမ္မတ အာဆတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အရန်သင့် ဖြစ်ကြပုံ မရသေးပါဘူး။

အစိုးရနဲ့ အတိုက်အခံ ကိုယ်စားလှယ် နှစ်ဖွဲ့ဟာ မျက်နှာချင်းဆိုင် တွေ့ဆုံမှာ မဟုတ်ဘဲ မစ္စတာ de Mistura နဲ့သာ တစ်လှည့်စီ ဆွေးနွေးကြမှာ ဖြစ်ပြီး၊ အခု ဆီးရီးယား အစိုးရ ကိုယ်စားလှယ်တွေနဲ့ စတင် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လကုန်ပိုင်းက စတင် သက်ရောက်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကို အသုံးချပြီး ညှိနှိုင်းမှုတွေ ခရီးရောက်နိုင်ဖို့ သံတမန်တွေက မျှော်လင့် နေကြတာပါ။

ရုရှားက လေကြောင်း တိုက်ခိုက်မှုတွေကို စက်တင်ဘာလက စတင် ပြုလုပ် ခဲ့ပြီးနောက် ကုလ သမဂ္ဂက ပထမဆုံး အနေနဲ့ ကြားဝင် စေ့စပ်မှုတွေ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ