ထိုင်း ဘဏ်တစ်ခုမှာ ဓာတ်ငွေ့ကြောင့် ၈ ဦး သေဆုံး

  • 14 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption မီးသတ် ဓာတ်ငွေ့တွေ ပေါက်ထွက်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဘဏ်တစ်ခုမှာ မီးသတ် ဓာတ်ငွေ့တွေ ပေါက်ထွက် ခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဆိုင်ယမ်း စီးပွားရေးဘဏ် ရုံးချုပ်မှာ မီးသတ်တဲ့ စနစ်ကို ကန်ထရိုက်တာ တွေက ပြုပြင်မှုတွေ လုပ်နေစဉ် အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ အဲဒီ ဘဏ်က ပြောပါတယ်။

မီးသတ် ဓာတ်ငွေ့တွေက အဆိပ် မဖြစ်ပေမယ့် အလုံပိတ်ထားတဲ့ အခန်းထဲမှာ အဲဒီ ဓာတ်ငွေ့တွေကြောင့် အောက်ဆီဂျင် ကုန်ခန်းပြီး မွန်းကျပ် သေဆုံးခဲ့တာလို့ ယူဆ ကြပါတယ်။

စာရွက်စာတမ်းတွေ သိမ်းဆည်းတဲ့ အလုံပိတ် သံမဏိခန်းထဲမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာလို့ ဘဏ်ရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို လုပ်ငန်းခွင် မတော်တဆမှုတွေ များများစားစား ဖြစ်ပေါ်လေ့ မရှိဘူးလို့ သတင်းထောက် တွေက ပြောပါတယ်။

၁၉၉၃ ခုနှစ်မှာ လူ ၂၀၀ လောက် သေဆုံးပြီး လူ ၅၀၀ ဒဏ်ရာရခဲ့တဲ့ အရုပ်စက်ရုံ မီးလောင်မှုက ထိုင်းနိုင်ငံရဲ့ အဆိုးဆုံး လုပ်ငန်းခွင် မတော်တဆမှု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ