အင်ကာရာ ဗုံးခွဲမှုအပြီး ကာဒစ်ရှ်တွေကို တူရကီ တိုက်ခိုက်

  • 14 မတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption တနင်္ဂနွေနေ့ ဗုံးခွဲမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ နာရေးတွေကို ပြုလုပ်နေ။

တူရကီ အရှေ့တောင်ပိုင်းက ကာဒစ်ရှ် အဖွဲ့ဝင်တွေနဲ့ အီရတ် နိုင်ငံထဲက ကာဒစ်ရှ် သူပုန်တွေ အပေါ် တူရကီ အစိုးရက လုံခြုံရေးအရ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

တနင်္ဂနွေနေ့က အန်ကာရာ မြို့တော်မှာ လူ ၃၆ ဦး သေဆုံးခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် အကြမ်းဖက် သမားတွေကို ဖြိုခွင်းဖို့ တူရကီ သမ္မတ အာဒိုဂန်က ကတိပြုခဲ့ပြီး မကြာမီမှာ အခုလို ဆောင်ရွက် လာတာပါ။

တနင်္ဂနွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုရဲ့ တရားခံအဖြစ် ယူဆရသူ အမျိုးသမီးဟာ ကာဒစ်ရှ် အလုပ်သမား ပါတီ PKK ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး သူလည်း ဗုံးခွဲမှုမှာ သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တူရကီ အရှေ့တောင်ပိုင်းက မြို့ ၃မြို့မှာ ကာဖျူးအမိန့် ထုတ်ထားပြီး၊ အီရတ်မှာ ရှိတဲ့ ကာဒစ်ရှ် စခန်းတွေကိုလည်း တူရကီ တိုက်လေယာဉ်တွေက ဗုံးကြဲ တိုက်ခိုက် နေပါတယ်။

တိုက်လေယာဉ် ၁၁ စီးနဲ့ ပစ်မှတ် ၁၈ ခုကို တိုက်ခိုက် ခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။ PKK ကလည်း အဲဒီ တိုက်ခိုက်မှုတွေကို အတည်ပြု ပြောဆို ခဲ့ပါတယ်။

တူရကီ မြို့တော်မှာ ငါးလအတွင်း ကြီးမားတဲ့ တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် အစိုးရရဲ့ လုံခြုံရေး ဆောင်ရွက်နိုင်မှုအပေါ် သံသယ ဖြစ်ဖွယ် ရှိတယ်လို့ အန်ကာရာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ