ရွှေ့ပြောင်းသူအရေး၊ အီးယူနဲ့ တူရကီ ဆွေးနွေးပွဲ ခက်ခဲနိုင်

  • 17 မတ် 2016
ဓာတ်ပုံ မူပိုင် Getty

ရွှေ့ပြောင်း ဝင်ရောက်သူ ပြဿနာကို ဖြေရှင်းနိုင်မယ့် သဘောတူညီချက် တစ်ခုကို အပြီးသတ် ဆွေးနွေးဖို့ အီးယူ ခေါင်းဆောင်တွေနဲ့ တူရကီတို့ ဒီကနေ့ ကြသပတေးနေ့ နှောင်းပိုင်းမှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

ညှိနှိုင်းမှုတွေက ခက်ခဲမှာ ဖြစ်ပြီး သတိနဲ့ ကိုင်တွယ်နေတယ်လို့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ်ခ်က ပြောပါတယ်။

အဆိုပြုထားတဲ့ အစီအစဉ်အရ ဂရိမှာ ရောက်နေတဲ့ ရွှေ့ပြောင်းသူတွေကို တူရကီကို ပြန်ပို့ဖွယ် ရှိပြီး၊ အဲဒီ ပြန်ပို့တဲ့ အထဲမှာ ပါတဲ့ ဆီးရီးယား အရေအတွက် အတိုင်း တူရကီမှာ ရှိတဲ့ ဆီးရီးယား ဒုက္ခသည်တွေကို အီးယူက လွှဲပြောင်း လက်ခံမှာ ဖြစ်ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်ကတော့ အီးယူ အဖွဲ့ဝင် နိုင်ငံတွေကို ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း လိုက်ပါတယ်။

သဘောတူညီချက် မှန်သမျှကို အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံစလုံးက ကျေနပ် လက်ခံရမှာ ဖြစ်ပြီး အီးယူ ဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ညီညွတ်ရမှာ ဖြစ်လို့ ခက်ခဲလိမ့်မယ်လို့ ဒေါ်နယ် တက်စ်က ပြောပါတယ်။

၂၀၁၅ ဇန်နဝါရီ နောက်ပိုင်း တူရကီကနေ ဂရိဘက်ကို လှေတွေနဲ့ ဖြတ်ကူးပြီး ဥရောပကို ဝင်ရောက် လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က တစ်သန်း အထိ ရှိခဲ့ပါတယ်။ အခုနှစ် ၂၀၁၆ ထဲမှာလည်း ရွှေ့ပြောင်းဝင်ရောက်သူ တစ်သိန်း သုံးသောင်း ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ