ဆော်ဒီညွန့်ပေါင်းတပ်က ယီမင်ကိုစစ်ရေးရပ်ဖို့ရှိ

  • 17 မတ် 2016
yemen_airstrike
Image caption ယီမင် နိုင်ငံတွင်း လေကြောင်းစစ်ဆင်

ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ ဟာ ယီမင်နိုင်ငံရှိ ရှားမွတ်ဆလင် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ ကို လေကြောင်း စစ်ဆင် တိုက်ခိုက်နှိမ်နင်းမှု ကို လျှော့ချ ပါတော့ မယ် လို့ ပြောတဲ့ ကတိ စကား ကို အမေရိကန် က ကြိုဆိုလိုက်ပါတယ်။ ဒီစစ်ပွဲ ကို ဆော်ဒီ က ဦးဆောင်ပြီး ဂျော်ဒန်၊ အီဂျစ်၊ ဘာရိန်းနဲ့ ကာတာ နိုင်ငံ တွေ က စစ်ကူပေးကြတာပါ။

အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျော့ရှ် အားနက်စ် က အမေရိကန် အနေနဲ့ ညွန့်ပေါင်းအဖွဲ့ ရဲ့ ပြောခွင့်ရ ဆော်ဒီ ဗိုလ်ချုပ်ကြီး အာမက် အယ်လ် အဆီရီ က ယီမင် နိုင်ငံမှာ စစ်ဆင်မှုတွေ ကို ရပ်ဆိုင်း မယ် လို့ ကြေညာပြီး ယီမင်နိုင်ငံ တည်ငြိမ်အေးချမ်းရေး အတွက် ရေရှည် စီမံကိန်း အတွက် ဦးတည်မယ် ဆိုတဲ့ အပေါ်မှာ ကြိုဆို လိုက်တဲ့ အကြောင်း ပြောတာပါ။

တကယ်တော့ ဆော်ဒီ အစိုးရ ဟာ စစ်မျက်နှာ နှစ်ခု ဖွင့်ထားရတာပါ။ နိုင်ငံ ရဲ့ တောင်ပိုင်း နယ်စပ်မှာ ယီမင် နယ်မြေ အတော်များများ ကို သိမ်းပိုက်ထားတဲ့ ဟူသီသူပုန် တွေ ကို နှိမ်နင်း နေရသလို မြောက်ဖက် နယ်စပ်မှာတော့ ဆီးရီးယား ကို ခြေကုတ်ယူထားတဲ့ အိုင်အက်စ် လက်နက်ကိုင် အဖွဲ့ နဲ့ စစ်ခင်းနေရတာပါ။

ဒါပေမဲ့ ယီမင်နိုင်ငံတွင်းရှိ ဟူသီ သူပုန်နှိမ်နင်းတဲ့ လေကြောင်း စစ်ဆင်ရေးမှာ တနှစ်အတွင်း အရပ်သား ၆၀၀၀ ခန့် သေဆုံးရတဲ့ အတွက် နိုင်ငံတကာ ရဲ့ ဝေဖန်ပြစ်တင်မှု နဲ့ အတူ ဥရောပသမဂ္ဂ ပါလီမန် က ဆိုရင် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ က ဆော်ဒီ ကို လက်နက်တင်ပို့မှု ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့ အရေးယူ ဖို့ မဲပေး ဆုံးဖြတ်လိုက်ကြပါတယ်။

တဖက်မှာလည်း ဆော်ဒီ အစိုးရ ဟာ ရေနံစျေး ကျဆင်းနေမှုကြောင့် စစ်စရိတ် ထောင်းတာနဲ့ အမျှ စီးပွားရေး ပါထိခိုက်မှု ရှိနေပါပြီ။ ဒါကြောင့် မို့ အခုလို တနှစ်ကြာ စစ်ဆင်ရေး ကို အဆုံးသတ်ဖို့ ပြင်ဆင်တဲ့ အတွက် အမေရိကန် က ကြိုဆိုယင်း လက်ရှိ အငြင်းပွားမှု တွေ ကို နိုင်ငံရေး အရ ဖြေရှင်းဖို့ ပါ အကြံပြုလိုက်ပါတယ်။